Saturday, May 6, 2023

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)နှင့် တွေ့ဆုံဆွေးနွေး

 


နေပြည်တော် မေ ၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)တို့ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၅) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားသည်။

 တက်ရောက်

တွေ့ဆုံပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)မှဥက္ကဋ္ဌ ဦးဝဏ္ဏ၊ အကြံပေးဒေါက်တာကျော်သူနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)ကို ပထမဦးဆုံးအနေဖြင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ်တွင် ယခုအသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ရည်ရွယ်ချက်မှာ ဘာသာရေးဆိုင်ရာပြဿနာများ စွပ်စွဲပုတ်ခတ်မှုများရှိပါက အစိုးရမဟုတ်သော အဖွဲ့အစည်းပုံသဏ္ဌာန်ဖြင့် ဖြေရှင်းဆောင်ရွက်ရန်၊ ဘာသာရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အလွတ်သဘောဆောင်ရွက်ရန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုကို ခံယူရန်ဆိုသည့်မူဝါဒကို ကျင့်သုံးဆောင်ရွက်ရန်တို့ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်း/ ပြည်ပတွင်ဘာသာရေးနှင့်ပတ်သက်၍ ပြဿနာများ ပွတ်တိုက်မှုများရှိလာပါက ကူညီ ဆောင်ရွက်ဖြေရှင်းပေးစေလိုပါကြောင်း။

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ)သည် လူသိများသည့်အဖွဲ့ကြီးဖြစ်ကြောင်း၊ အဖွဲ့ကြီး၏ ရည်ရွယ်ချက်များနှင့်အညီ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာဟူ၍ ဘာသာကြီးလေးခုရှိသည့်အပြင် နတ်ကိုးကွယ်မှုများပါရှိနေသော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိကြိုက်နှစ်သက်ရာဘာသာကို လွတ်လွတ်လပ်လပ်ကိုးကွယ်ခွင့်ရှိပါကြောင်း၊ ဘာသာကြီးလေးခု၏ မတူညီသည့် အယူဝါဒများအကြား ကြီးနိုင်ငယ်ညှဉ်းကိစ္စများမရှိပါကြောင်း။

ဝိုင်းဝန်းကူညီဆောင်ရွက်

ဘာသာပေါင်းစုံအတွက် ညီညွတ်စည်းလုံးမှုရရှိစေရန်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဖြစ်ကြောင်းနှင့်အဆိုပါအဖွဲ့မှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးသည့်လုပ်ငန်းများဖြစ်သည့် Mobile Team ခွဲများဖြင့် မျက်စိခွဲစိတ်ပေးခြင်း၊ သွေးလှူခြင်း၊ အောက်ဆီဂျင်စက်များလှူဒါန်းပေးခြင်း၊ သင်္ကြန်ကာလတွင် မိဘမဲ့ကျောင်းများတွင် စတုဒိသာများကျွေးမွေးလှူဒါန်းခြင်း၊ အဖွဲ့၏မဂ္ဂဇင်းထုတ်ဝေရန် ဆောင်ရွက်လျက်ရှိခြင်းများအတွက် ကျေနပ်အားရမိပါကြောင်း ပြောကြားသည်။

ထို့နောက် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အကြံပေးတို့ကတင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အနေဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာလေးဘာသာ ပိုမိုစည်းလုံးချစ်ခင်ကြစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အတွက်လည်း အဖွဲ့များပြန်လည်ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များကို အသီးသီးခွဲဝေယူကြရန်အတွက် ဗဟိုအဖွဲ့အစည်းကချမှတ်ပေးသွားရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment