Saturday, May 6, 2023

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမစနစ် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများအောင်မြင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

 


နေပြည်တော် မေ ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရတို့နှင့်အတူ သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများအောင်မြင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့မှ သမဝါယမဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးများ၊ သမဝါယမအသင်းများနှင့် အသင်းစုချုပ်တို့မှ တာဝန်ရှိသူများကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံမှာကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပြီး မိမိတို့ဝန်ကြီးဌာနကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နေကြောင်း၊ အသင်းပိုင်မြေ ဧက ၆၅၀ ရှိ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်မှ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်နှင့် အသင်းပိုင်မြေဧက ၄၁၀ ရှိ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ဧရာ့အားမာန် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်မှ တာဝန်ရှိသူများက စိုက်ဧကရာနှုန်းပြည့်အသုံးချ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်ရေး၊ အထွက်နှုန်းတိုးရေး၊ အထွက်တိုးမျိုး အသုံးပြုရေး၊ စိုက်ဧကများကို အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ဆောင်ရွက်ရေး၊ တစ်နှစ် သုံးသီး စိုက်ပျိုးကြရေးနှင့် မိမိတို့အသင်းအဖွဲ့ အောင်မြင်တိုးတက်ရေးတို့အတွက် စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲကာ ကြိုးပမ်းဆောင်ရွက်ကြရန် အထူးမှာကြားလိုကြောင်း၊ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် မျိုး၊ သွင်းအားစုအချိန်မီရရှိရေး၊ ဈေးကွက်ရရှိရေးအတွက် လည်း ချိတ်ဆက်ထောက်ပံ့ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသင်းများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်း အတာစံပြဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ဒေသ အလိုက်လယ်မြေဧက ၁၀၀၀၀ ကို သမဝါယမစနစ်ဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရေး စီမံဆောင်ရွက်နေသဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်နှင့် ဧရာ့ အားမာန်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း လီမိတက်မှတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် မည့်အစီအမံများ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က သမဝါယမစနစ် စိုက်ပျိုးမွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့်ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ပုဂ္ဂလိကနှင့် သမဝါယမပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်နှင့်စစ်ကိုင်း)တို့မှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အောင်မြင်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင် စတင်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းသစ် ၁၀ ဦးကို တွေ့ဆုံရာတွင် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် များကို လေ့လာမှတ်သားပြီး အောင်မြင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနတာဝန်ကျေပွန် ရေး၊ နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြုဝန်ထမ်း ကောင်းများဖြစ်စေရေး ဆက်လက်ကြိုးစားလေ့လာ သင်ယူသွားကြရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းဥပဒေနှင့်အညီ လိုက်နာနေထိုင်ရန်၊ ပါတီနိုင်ငံရေးကင်းရှင်းရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဝန်ထမ်းသစ်များကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment