ကမ္ဘောဒီးယား မေ ၁၀
ကမ္ဘောဒီးယားနိုင်ငံ AEON HALL, AEON MALL SEN SOK ၌ မေ ၉ ရက်ကကျင်းပသည့် ဘိလိယက် နှင့်စနူကာ အားကစားနည်း (English Billiards Singles) အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံမှ ဦးပေါက်စသည် ကမ္ဘာ့ဘိလိယက်ချန်ပီယံပြိုင်ပွဲတွင် ရွှေတံဆိပ်ခြောက်ဆုနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်ခြောက်ဆုရရှိထားသော စင်ကာပူနိုင်ငံသား Mr. Peter GilChrist ကို (၃-၀)ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ စင်ကာပူနိုင်ငံမှ Mr.Peter GilChrist က ဒုတိယ(ငွေတံဆိပ်ဆု)ကိုလည်းကောင်း၊ ထိုင်းနိုင်ငံမှ Mr. Praprut Chaithanasakun နှင့် Mr.Yuttapop Pakpoj တို့က ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း၊ 6 Red Snooker Singles (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် (မြန်မာ၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှမောင်ဟိန်းလွင်မိုးက တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း ရရှိကြသည်။
ထို့ပြင် ဖနောင်ပင်မြို့ Basketball Hall NSTC ၌ကျင်းပသည့် (အမျိုးသား/ အမျိုးသမီး)ခြင်းလုံး အားကစားပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (Event- 4)ပြိုင်ပွဲ၌ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်း) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မင်းသစ္စာအောင်၊ မောင်ခန့်ဝင်းဟိန်း၊ မောင်ဝေယံဖြိုး၊ မောင်ရဝေအောင်၊ မောင်ဇော်လင်းမောင်၊ မောင်ကောင်းမြတ်သီဟ၊ မောင်မင်းခန့်ဝင်းနှင့် မောင်ဓူဝံကျော်တို့အတွဲက ရမှတ်(၉၃)မှတ်ဖြင့် ပထမ(ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဒုတိယ (ငွေတံဆိပ်ဆု)ကို လာအိုနိုင်ငံကလည်းကောင်း၊ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံကလည်းကောင်း၊ အမျိုးသမီး(Event-4) ပြိုင်ပွဲတွင်(မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်း)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မအေးအေးသန့်(ခ)မစာဥ၊ မမေဖူးဟန်၊ မသဲသဲ၊ မယဉ်မင်းသွယ်၊ မစုတွယ်တာ၊ မခိုင်ခိုင်၊ မတင်နီလာဝင်းနှင့် မမှုံနံ့သာတို့အတွဲက ရမှတ်(၁၀၁)မှတ်ဖြင့် ပထမ(ရွှေတံဆိပ် ဆု)ကို လည်းကောင်း၊ ဒုတိယ(ငွေတံဆိပ်ဆု)ကို ထိုင်းနိုင်ငံကလည်းကောင်း၊ တတိယ(ကြေးတံဆိပ်ဆု)ကို ကမ္ဘောဒီးယားနိုင်ငံကလည်းကောင်း ရရှိကြသည်။
ခြင်းလုံးအားကစားပြိုင်ပွဲများအပြီးတွင် မြန်မာနိုင်ငံမှ ခြင်းလုံးအမျိုးသားအားကစားအဖွဲ့က မြန်မာ့ ရိုးရာခြင်းလုံးအားကစားနည်းကို သရုပ်ပြသ၍ အလှပြခြင်းလုံးခတ်ကစားခဲ့ကြပြီးနောက် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
အလားတူ Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပသည့် ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲပွဲစဉ်များ၌ အမျိုးသမီး(၅၀)ကီလိုပြိုင်ပွဲတွင် (ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံမှ မနှင်းသက်ဝေက ဒုတိယ(ငွေတံဆိပ်ဆု)၊ အမျိုးသမီး ဓားမြှောင်အတိုက်အပြပြိုင်ပွဲတွင် (ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား) နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှမအိန္ဒြေဖူးနှင့် မမေဟန်နီအောင်လွင်တို့အတွဲက တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီးနှစ်ယောက်တွဲ ဓားရှည်အတိုက်အပြပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မစုဝတီဌေးနှင့် မအိန္ဒြေဖူးတို့အတွဲက တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသမီးဓားမြှောင်နှစ်လက် အပြပြိုင်ပွဲတွင် (ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မခိုင်ဝါဖူးက တတိယ(ကြေးတံဆိပ်ဆု)၊ အမျိုးသားလေးယောက်တွဲ လက်နက်ပါအပြပြိုင်ပွဲတွင်(ဗီယက်နမ်၊ မြန်မာ၊ လာအို၊ အင်ဒိုနီးရှားနှင့်ကမ္ဘောဒီးယား)နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်မျိုးထက်ဇော်၊ မောင်ထွန်းဝင်းနိုင်တို့အတွဲက တတိယ(ကြေးတံဆိပ်ဆု)တို့ကို ရရှိကြသည်။
ARMY STADIUM ၌ ကျင်းပသည့် ဘောလုံး (အမျိုးသမီး)ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာအသင်းက မလေးရှားအသင်းကို ငါးဂိုး - တစ်ဂိုးဖြင့် ယှဉ်ပြိုင်အနိုင်ရရှိသည်။
မေ ၉ ရက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ဗိုဗီနမ်၊ တင်းနစ်၊ ခြင်းလုံး၊ ကြက်တောင်၊ ဘိလိယက်၊ ဘော်လီဘော၊ ခွန်ခမာ၊ ခရစ်ကက်၊ ဘောလုံး၊ လက်ဝှေ့နှင့်ပြေးခုန်ပစ် အားကစားပြိုင်ပွဲများကို မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခုထပ်မံရရှိကြသည်။
မေ ၁၀ ရက် ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပီတန်း၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ တင်းနစ်၊ ဘိလိ ယက်၊ လက်ဝှေ့၊ ခွန်ခမာ၊ ဘော်လီဘော၊ ဘောလုံး၊ ပြေးခုန်ပစ်နှင့် ခရစ်ကက်အားကစားနည်းများတွင် မြန်မာနိုင်ငံမှ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ယနေ့အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၄ ခု၊ ငွေတံဆိပ် ၁၁ ခုနှင့် ကြေးတံဆိပ် ၃၁ ခု စုစုပေါင်း ဆုတံဆိပ် ၅၆ ခု ဆွတ်ခူးရရှိထားပြီးဖြစ်ကြောင်း သိရသည်။
မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာအားကစားအဖွဲ့ ခေါင်းဆောင်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment