နေပြည်တော် မေ ၁၇
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဘေးသင့်သူများအတွက် အများပြည်သူမှ အလှူငွေများ လှူဒါန်းရာတွင် လွယ်လင့်တကူလှူဒါန်းနိုင်ရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဘေးဒဏ်သင့်ဒေသများ၌ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း
များ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်
ပြည်တွင်း/ပြည်ပမှ အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းလျက်ရှိရာ ပစ္စည်းများ လက်ခံရယူရေး၊
ဖြန့်ခွဲရေးနှင့်စပ်လျဉ်း၍ အဖွဲ့များဖွဲ့စည်းကာ စနစ်တကျလက်ခံဖြန့်ခွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊
အလှူငွေများနှင့်စပ်လျဉ်း၍လည်း ပြည်တွင်း/ပြည်ပမှ စေတနာရှင်များ ပေးပို့လှူဒါန်းနိုင်သည့်
ငွေစာရင်းအမှတ်များကို အများပြည်သူသိရှိစေရေး ကြေညာဆောင်ရွက်ထားပါကြောင်း၊ သို့ရာတွင်
ဘေးသင့်သူများ၊ ဘေးဒဏ်သင့်ဒေသများအပေါ် စာနာထောက်ထားသော မြန်မာလူမျိုးတို့၏စေတနာသဒ္ဓါတရားထက်သန်မှု၊
ကူညီဆောင်ရွက်လိုမှုစိတ်ထားများအရ ငွေကြေးလှူဒါန်းမှုအနည်းအများမဆို လွယ်ကူစွာလှူဒါန်းနိုင်ရေး
ဆောင်ရွက်ပေးရန်လိုကြောင်း၊ အများပြည်သူ လွယ်ကူစွာလှူဒါန်းနိုင်ရေး နည်းလမ်းများစဉ်းစားရာတွင်
ဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်ညီညွတ်ရန်လည်းလိုကြောင်း၊ ဥပဒေနှင့်အညီ
အမြန်ဆုံးဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက်
ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊
ဘဏ်များသို့ငွေသားဖြင့် တိုက်ရိုက်လှူဒါန်းနိုင်မှု၊ စာရင်းပြောင်းနည်းလမ်းဖြင့် လှူဒါန်းနိုင်မှုအခြေအနေများ၊
အများပြည်သူလွယ်ကူစွာ သိရှိနားလည်နိုင်ရေး အသိပေးကြေညာ ဆောင်ရွက်ရန်ကိစ္စများနှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားသည်။
ဆက်လက်၍
တက်ရောက်လာသူများက နိုင်ငံခြားငွေ၊ မြန်မာငွေ လှူဒါန်းနိုင်မည့်/ လက်ခံရယူနိုင်မည့်နည်းလမ်းများ၊
လုပ်ငန်းစဉ်မြန်ဆန်စေရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) က လိုအပ်သည်များပေါင်းစပ်
ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်သူများအတွက်
အများပြည်သူမှအလှူငွေများလွယ်လင့်တကူ လှူဒါန်းနိုင်ရန်အတွက် အီလက်ထရွန်နစ်ငွေပေးချေမှုစနစ်နှင့်
မိုဘိုင်း ငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်းနိုင်ရေးဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment