Tuesday, May 30, 2023

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး


ရန်ကုန် မေ ၂၉

မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်မှုဖြင့် ရန်ပုံငွေပဒေသာ ဖျော်ဖြေပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ဌာနဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပသည်။

အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကနှင့် ဥက္ကဋ္ဌ၊ ရုပ်ရှင်ဒါရိုက်တာများ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရာက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ပုံငွေပဒေသာကပွဲကြီး စည်ကားသိုက်မြိုက်စွာ ဖြင့် ကျင်းပနိုင်ရန် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်မှ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားသည်။

ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန် ၂ ရက်မှ ၄ ရက်အထိ ၃ ရက်တိုင် ညနေ ၆ နာရီမှ ၉ နာရီခွဲအထိ ဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးကြမည့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် YBS ယာဉ်လိုင်းများနှင့် တက္ကစီများစီစဉ်ထားရှိမှု၊ ရန်ပုံငွေပဒေသာ ကပွဲကြီးမစတင်မီနှင့် ဖျော်ဖြေနေစဉ်အတွက် သဒ္ဓါတရားထက်သန်ကြသည့် အလှူရှင်များ လှူဒါန်းနိုင်ရန် စီမံဆောင်ရွက်ထားမှု၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် လက်မှတ်များရရှိနိုင်ရန် စီမံဆောင်ရွက်ထားမှုတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေသူများက တင်ပြဆွေးနွေးကြသည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူများအတွက် အမျိုးသားဇာတ်ရုံတွင် ကျင်းပမည့် ရန်ပုံငွေ ပဒေသာဖျော်ဖြေပွဲကြီးတွင် လက်မှတ်များကို ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၃၀၀၀၀ အထိ မေ ၂၉ ရက်မှစတင်၍ အမျိုးသားကဇာတ်ရုံနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့တွင် ရောင်းချပေးလျက်ရှိပြီး ငွေကျပ် ၅၀၀၀ အတွက် ထိုင်ခုံ ၄၈၂ ခုံ၊ ငွေကျပ် ၁၀၀၀၀ အတွက် ထိုင်ခုံ ၁၃၆ ခုံ၊ ငွေကျပ် ၂၀၀၀၀ အတွက် ထိုင်ခုံ ၁၀၂ ခုံ၊ ငွေကျပ် ၃၀၀၀၀ အတွက် ထိုင်ခုံ ၃၀၈ ခုံတို့ကို ရောင်းချပေးလျက်ရှိသည်။

ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးမှ အနုပညာရှင်တို့၏ စုပေါင်းအားဖြင့် ဖျော်ဖြေတင်ဆက်သွား မည့် ရန်ပုံငွေပွဲကြီးအတွက် မေ ၃၀ ရက်တွင် အနုပညာရှင်များ ဇာတ်တိုက်လေ့ကျင့်သွားမည် ဖြစ်ပြီး အနုပညာရှင်တို့၏ စည်းလုံးညီညွတ်မှု၊ ပြည်သူအတွက် အနုပညာစွမ်းအားဖြင့် အစဉ်ပေးဆပ်မှုတို့ဖြင့် ရန်ပုံငွေပွဲကြီးတွင် ရုပ်ရှင်၊ ဂီတ၊ သဘင်မှ အနုပညာ ရှင်များ၏ စွမ်းရည်ကို တွေ့မြင်ရမည်ဖြစ်ရာ အဆိုပါပဒေသကပွဲမှရရှိသော ရန်ပုံငွေများအား မိုခါ မုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူတို့အတွက် လှူဒါန်သွားမည်ဖြစ်ကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ-ကနူး

No comments:

Post a Comment