Wednesday, May 10, 2023

မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ (၂၀၂၃) ၌ ဖတ်ကြားမည့် စာတမ်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော် မေ ၉

ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံလုံး ဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) ၌ ဖတ်ကြားမည့် စာတမ်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ hybrid စနစ်ဖြင့် ကျင်းပသည်။

စနစ်တကျကြိုတင်ပြင်ဆင်

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) အဆင့်မြင့်ပညာကဏ္ဍနှင့် အခြေခံပညာကဏ္ဍ စကားဝိုင်းဆွေးနွေးပွဲတို့တွင် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်များက ပညာရပ်ဆိုင်ရာ ပါဝင်ဆွေးနွေးသူ (Panelist) များအဖြစ်လည်းကောင်း၊ ညီလာခံဆွေးနွေးပွဲ (Parallel Session) များတွင် သဘာပတိများအဖြစ်လည်းကောင်း၊ စာတမ်း (၃) ခု၏ စာတမ်းရှင်များအဖြစ်လည်းကောင်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးမည့် အချက်အလက်များကို စနစ်တကျ ကြိုတင်ပြင်ဆင်ရန်ဖြစ်ကြောင်း။

အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးအဆင့်မြှင့်တင်ရေး လုပ်ငန်းများနှင့် အာဟာရ မြှင့်တင်ခြင်းတို့သည် ကျောင်းသူကျောင်းသားများ၏ ကျောင်းထွက်ရမှုနှုန်းကို လျှော့ချနိုင်ပြီး ကျောင်းတွင်ပညာသင်ယူနိုင်သောကာလကို ပိုမိုတိုးတက်မြင့်မား လာစေကြောင်းနှင့် အာဟာရပြည့်ဝသောကျောင်းတွင်း နေ့လယ်စာအစီအစဉ်သည် ကျောင်းတက်နှုန်းကို ပျမ်းမျှအားဖြင့် (၉) ရာခိုင်နှုန်းအထိ တိုးမြင့်လာစေကြောင်း စသည့် အကျိုးကျေးဇူးများကို ထည့်သွင်းတင်ပြဆွေးနွေးရန်လိုကြောင်း။

ထို့ပြင် ကျောင်းသားလူငယ်များ တစ်ကိုယ်ရေ သန့်ရှင်းရေးကောင်းမွန်စေရေး၊ ကျောင်းတွင်းအိမ်သာနှင့် ကျောင်းတွင်းကျောင်းပြင်သန့်ရှင်းရေး၊ ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချသည့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရနှင့်ပြည့်စုံစေရေး လုပ်ငန်းများ၊ ကျောင်းသားလူငယ်များ၏ သွားနှင့်ခံတွင်းကျန်းမာရေး၊ နား၊ နှာခေါင်း၊ လည်ချောင်းနှင့် အရေပြားကျန်းမာရေးလုပ်ငန်းများ၊ မျက်စိကျန်းမာရေးကောင်းမွန်ပြီး အမြင်အာရုံကောင်းမွန်စေရေးအတွက် ပညာပေးလုပ်ငန်းများနှင့် ပဏာမမျက်စိကျန်းမာရေး‌စောင့်ရှောက်မှု လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ကျောင်းကျန်းမာရေး ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းထွက်ရခြင်းမရှိဘဲ KG + 9 ပြီးဆုံးသည်အထိ သင်ကြားနိုင်မည့်ကျောင်းသား ကျောင်းသူဦးရေ တိုးတက်လာနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများကို အလေးထားဆွေးနွေး ရန်လိုကြောင်း။

ဆရာ ဆရာမများ အရည်အသွေးစဉ်ဆက်မပြတ် လေ့ကျင့်ပေးရေးနှင့်စပ်လျဉ်း၍ အခြေခံပညာ အဆင့်မှအဆင့်မြင့်ပညာအဆင့်ထိ ဆောင်ရွက်နိုင်ရေး၊ ဆရာ ဆရာမများ၏ ပညာရပ်ဆိုင်ရာ စဉ်ဆက် မပြတ်လေ့လာနိုင်မှုများအပေါ်သုံးသပ်၍ အကဲဖြတ်စနစ်များတွင် ထည့်သွင်းနိုင်ရေး၊ ဆရာ ဆရာမများ အနေဖြင့် စာကြည့်တိုက်များကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် နိုင်ငံတကာ ပညာရပ်ဆိုင်ရာဂျာနယ်များတွင် နောက်ဆုံးပေါ်တွေ့ရှိ ထုတ်ဝေချက်များကို အချိန်နှင့်တစ်ပြေးညီ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ရေး၊ ဆရာဆရာမအချင်းချင်း သင်ကြားမှုအတွေ့အကြုံနှင့် ပညာရပ်ဆိုင်ရာလေ့လာမှုများကိုလူကိုယ် တိုင်သော်လည်းကောင်း၊ IT နည်းပညာအသုံးပြု၍ သော်လည်းကောင်းမျှဝေခြင်းနှင့် ဆွေးနွေးပြောကြားခြင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို တင်ပြ စေလိုကြောင်း။

သုတေသနဖွံ့ဖြိုးတိုးတက်ရေးမူဘောင် ချမှတ် နိုင်‌ရေးနှင့်စပ်လျဉ်း၍ တက္ကသိုလ်များတွင် သုတေ သနများ တိုးမြှင့်ဆောင်ရွက်ခြင်းမှတစ်ဆင့် တက္ကသိုလ်အဆင့်အတန်း သတ်မှတ်မှုတွင် အဆင့်ပိုမိုမြင့်မားစွာရရှိနိုင်ခြင်းနှင့် နည်းပညာနှင့်သက်မွေးပညာကျောင်းများတွင် သုတေသနများပိုမိုဆောင်ရွက်နိုင်ခြင်းဖြင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ပိုမိုထိရောက် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်း အကျိုးကျေးဇူးများကို ထည့်သွင်းဆွေးနွေးရန်လိုအပ်ပြီး အဆိုပါ အကျိုးကျေးဇူးများ ရရှိနိုင်ရေးအတွက်ငယ်ရွယ်စဉ် အခြေခံပညာကျောင်းသား ကျောင်းသူများမှစတင်၍ သုတေသနပြုလုပ်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရေးနှင့် သုတေသနယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်း လာသည်အထိ ဆောင်ရွက်နိုင်ရေးတို့ကို အလေးထားဆွေးနွေးကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ညီလာခံတွင် တင်ပြဆွေးနွေးကြမည့် ညွှန်ကြားရေးမှူးချုပ်များနှင့် စာတမ်းရှင်များက သက်ဆိုင်ရာ ဘာသာရပ်အလိုက် တင်ပြဆွေးနွေးကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြကြောင်းသိရသည်။

သတင်းစဉ်


No comments:

Post a Comment