Sunday, May 14, 2023

မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး


 

သံတွဲ မေ ၁၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် မေ ၁၁ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးတွင်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးနှင့်ခရိုင်ရုံးဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသားသတင်းဌာနခွဲ မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ထို့နောက် ဂွမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးနှင့်ကျိန္တလီမြို့ရုံးများသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ မေ ၁၂ ရက် နံနက် ပိုင်းတွင်ဒုတိယဝန်ကြီးသည် သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနသို့ရောက်ရှိပြီး မုန်တိုင်းဒဏ်ကြောင့် စာအုပ်စာစောင်များနှင့် ရုံးသုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ ငပလီ မြို့ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သံတွဲမြို့မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့် စက်ရုံကို ဝင်ရောက်ကြည့်ရှု စစ်ဆေးပြီးမုန်တိုင်းကာလတွင် ထုတ်လွှင့်မှုမပြတ်တောက်စေရေး သတိပြုဆောင်ရွက်ရန် ဝန်ထမ်းများအား မှာကြားသည်။

ဒုတိယဝန်ကြီးသည် ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် မုန်တိုင်းကာလအတွက် ကြိုတင်ပြင်ဆင် ရန်ကိစ္စများ၊ အသိပညာပေးလုပ်ငန်းများနှင့် သတင်းထုတ်ပြန်ရေးကိစ္စများ၊ လူငယ်များအသိပညာပေးလုပ်ငန်းများနှင့် ကျောင်းအပ်နှံရေးကာလတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေးတိုက်တွန်းနှိုးဆော်ရေးနှင့် ဝန်ထမ်းကောင်း ပီသစွာ နိုင်ငံနှင့်ပြည်သူကို သစ္စာစောင့်သိပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် ရေးတို့ကို မှာကြားခဲ့သည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်မှ ဗိုလ်မှူးချုပ် ကျော်ကျော် သန်း၊ သံတွဲခရိုင် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး မှူး ဦးမျိုးချစ်နှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သံတွဲ ခရိုင်အတွင်း ကုန်းမြင့်ဒေသများတွင် ဖွင့်လှစ်ထားသောမုန်တိုင်းအန္တရာယ် ခိုလှုံရာစခန်းများဖြစ်သည့် ဝါးတောင်ကွင်းဘုန်းတော် ကြီးကျောင်း၊ အောင်ဓမ္မရိပ်သာ ကျောင်းနှင့် မင်္ဂလသုခဘုန်းတော် ကြီးကျောင်းများသို့ လာရောက် ခိုလှုံနေကြသည့် ပင်လယ် ကမ်းခြေနှင့်နီးသော ကျေးရွာများမှ ပြည်သူများ၊ ကမ်းခြေတွင်နေထိုင်ကြသော ရေလုပ်သားများ အား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။

ဒေသခံပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုးရွားစွာ မခံစားရစေရေးအတွက် နိုင်ငံတော်အစိုးရ နှင့် ပြည်နယ်အစိုးရတို့ကကြိုတင် စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးပြီး မုန်တိုင်း ကာလအတွင်း အခက်အခဲများရှိပါက တာဝန်ရှိသူများထံ အသိပေးဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် မုန်တိုင်းဒဏ်မခံရရေး ကြိုတင်ခိုလှုံရောက်ရှိနေသော မုန်တိုင်းရှောင်ပြည်သူ များအတွက် ပြည်နယ်အစိုးရကထောက်ပံ့ကူညီသော ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများကပေးအပ်ပြီး ဒုတိယဝန်ကြီးက သံတွဲခရိုင် မုန်တိုင်းရှောင် ပြည်သူများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment