Monday, May 8, 2023

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ


 

နေပြည်တော် မေ ၇

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ (၃၁) ကြိမ်မြောက် ဘွဲ့နှင်း သဘင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပရာ ပထမပိုင်းအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့်ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့ရမောင်မယ်များနှင့် ၎င်းတို့၏ မိဘဆွေမျိုးများတက်ရောက်ကြသည်။

စိုက်ပျိုးရေးပညာရှင်များအဖြစ်

ပထမပိုင်းအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ပညာသင်ကြားသင်ယူမှုမှတ်တမ်း များမှ ၁၀စုနှစ် တစ်ခုစာ လေ့လာကြည့်ရာတွင် ကျောင်းသား ကျောင်းသူ ၅၀ ရာခိုင်နှုန်းမှာ တောင်သူလယ်သမားမိသားစုများမှဖြစ်ပြီး ဝန်ထမ်းမိသားစုမှ ၂၅ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးတွေ့ရှိရကြောင်း၊ တတိယအများဆုံးမှာ ကုန်သည်အရောင်းအဝယ် လုပ်ကိုင်ကြသူများဖြစ်ကြပြီး ကျန်သူများမှာအခြားအလုပ်အကိုင်ဖြင့် အသက်မွေးဝမ်းကျောင်း ကြသည့် မိသားစုများမှဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ တောင်သူလယ်သမားမိသားစုနှင့် နယ်မြို့များ၊ ကျေးလက်နေပြည်သူများမှ မောင်မယ်များအများဆုံးပါဝင်သည့် အဆင့်မြင့်စိုက်ပျိုးရေး ပညာတတ်များမွေးထုတ်ပေးနိုင်လျက်ရှိသည်ကို တွေ့မြင်ရကြောင်း၊ ဘွဲ့ရမောင်မယ်များအနေဖြင့် တောင်သူများ၊ ကျေးလက်နေပြည်သူများ နှင့် ကျွမ်းဝင်ပြီးသူများ၊ နီးစပ်သူများဖြစ်၍ အနာဂတ်လယ်ယာကဏ္ဍ၌ အားထားရသည့် စိုက်ပျိုးရေးပညာရှင်များအဖြစ် လက်လှမ်းတမီ နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေးလုပ်ငန်း များတွင် စွမ်းဆောင်သွားကြရန် တိုက်တွန်းကြောင်း။

ဘွဲ့လွန်ဘွဲ့ရမောင်မယ်များအနေဖြင့် ဆိုင်ရာဘာသာရပ်များကို ပိုမိုနက်ရှိုင်းစွာ လေ့လာခဲ့ပြီးဖြစ်၍ မိမိတို့နှင့်ထိုက်တန်သောဘွဲ့များကို ယနေ့အပ်နှင်းသွားမည်ဖြစ်၍ ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ဘွဲ့ရမောင်မယ်များထဲမှ ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သူများရှိသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကျေးလက်နှင့်လယ်ယာကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိမိကိုယ်ပိုင် လယ်ယာစီးပွားရေးလုပ်ငန်းများ၌ လုပ်ကိုင်ကြသူများလည်း ရှိလာကြ မည်ဖြစ်၍ အမိတက္ကသိုလ်က သင်ကြားပေးလိုက်သောအသိပညာ၊ အတတ်ပညာများကို လက်တွေ့လုပ်ငန်းနှင့် ပေါင်းစပ်လုပ်ကိုင်ကြပြီး နိုင်ငံ၏စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေး၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာရေးလုပ်ငန်းများတွင်လည်း ကျရာကဏ္ဍများမှ အလေးထား ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် မိမိတတ်ကျွမ်းသော ပညာရပ်ကို စိုက်ပျိုးရေးကဏ္ဍတွင် မဖြစ်မနေအသုံးချနိုင်ရေးဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားသည်။

ဒုတိယပိုင်းအခမ်းအနားတွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ ၂၂၀၊ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့ ၁၄ ဦး၊ ပါရဂူဘွဲ့ ရှစ်ဦးတို့ကို စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကိုယ်တိုင်တက်ရောက်နိုင်ခြင်းမရှိ၍ အဝေးရောက် ဘွဲ့ယူသူ ၈၆ ဦးအပါအဝင် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များ၏ သက်ဆိုင်ရာ စာမေးပွဲများတွင် အောင်မြင်ခဲ့သူ စုစုပေါင်း ၃၂၈ ဦးကို ဆိုင်ရာဘွဲ့များ ချီးမြှင့်ခဲ့ကြသည်။ ၁၉၂၄ ခုနှစ်တွင် စိုက်ပျိုးရေးကောလိပ်အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်မှ ယနေ့အထိ နှစ်(၁၀၀)အတွင်း စိုက်ပျိုးရေးသိပ္ပံ ဘွဲ့ ၁၂၉၈၃ ဦး၊ ဘွဲ့လွန်ပါရဂူဘွဲ့ ၈၀၊ မဟာသိပ္ပံဘွဲ့ ၆၅၂ ဦး၊ မဟာ ဒဿနဘွဲ့ ကိုးဦး၊ စိုက်ပျိုးရေးဘွဲ့လွန် ဒီပလိုမာ ၆၂ ဦး၊ Israel – YAU တွဲဖက်ပြီး စိုက်ပျိုးရေးစီးပွားပညာ ဒီပလိုမာ ၅၆၅ ဦး၊ ဘွဲ့လွန် ၁၃၆၈ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၏ သုတေသနစိုက်ကွင်းများ၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံတွဲ စမ်းသပ်စိုက်ပျိုးထားရှိမှုများ၊ သီးနှံမျိုးစေ့နမူနာများ၊ ဓာတ်ခွဲခန်းများနှင့် မျိုးစေ့ဘဏ်တို့ကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် သုတေသနပညာရှင်များက လုပ်ငန်းစဉ် တစ်ခုချင်းစီကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် တောင်သူများပူးပေါင်းပါဝင်သော လက်တွေ့အသုံးချ သုတေသနလုပ်ငန်းများ ဒေသအလိုက်တိုးချဲ့ဆောင်ရွက်ရန်၊ သီးနှံမျိုးရင်းများ ထိန်းသိမ်းခြင်းနှင့် အရည်အသွေးကောင်း အထွက်ကောင်းသီးနှံမျိုးသစ်များ ထုတ်လုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်‌ရန်၊ သုတေသနပညာရှင် လူသားအရင်းအမြစ်များတိုးပွားရေး စီမံဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မွေးမြူရေးသုတေသနဦးစီးဌာနသို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက ဆောင်ရွက်ဆဲကုန်းနေ ရေနေသတ္တဝါ သုတေသနလုပ်ငန်းများ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနလုပ်ငန်းများ၊ ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများနှင့် မွေးမြူရေးသုတေသနဦးစီး ဌာန မြေနေရာ အတည်ပြုရွေးချယ်နိုင်ရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မှုကို ရှင်းလင်းတင်ပြကြ သည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment