Tuesday, April 4, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့ပြစီမံကိန်း TOWN PLAN ရေးဆွဲရေးကော်မတီ ညှိနှိုင်း အစည်းအဝေး ကျင်းပ

 



မုံရွာ ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား မြို့ပြစီမံကိန်း TOWN PLAN ရေးဆွဲရေးကော်မတီ ညှိနှိုင်းအစည်းအဝေး ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မြို့ပြစီမံကိန်းရေးဆွဲရေး ကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြို့ပြစီမံကိန်းရေးဆွဲရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ မြို့ပြစီမံကိန်းရေးဆွဲရေးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မုံရွာမြို့သို့ရောက်ရှိစဉ် မုံရွာမြို့အား ခေတ်မီမြို့ကြီးတစ်မြို့ဖြစ်စေရေးအတွက် မြို့ပြစီမံကိန်း TOWN PLAN ရေးဆွဲ တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ထိုသို့ရေးဆွဲရာတွင် လက်ရှိမြို့ပြတည်ရှိမှု အခြေအနေကိုအခြေခံကာ အနာဂတ်အတွက် ပို၍ကောင်းမွန်ပြည်စုံအောင် ဖြည့်စွက်သင့်၊ တိုးချဲ့သင့်သည်များကို ထည့်သွင်းစဉ်းစားကာ နောင်အနှစ် ၃၀ ၊ ၄၀ အထိ မျှော်မှန်းရေးဆွဲ သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်နေရသည့် အချိန်တွင် မြို့နေပြည်သူများအပေါ် တာဝန်ကျေအောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်းနှင့် လုပ်ငန်းများအချိန်မီ ပြီးစီးရေးကိုလည်း အလေးအနက်ထားကာ ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြို့ပြစီမံကိန်းရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်လင်းက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနှင့် မြို့ဖွဲ့ စည်းတည်ဆောက်မှု ရေဆွဲခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့ပြစီမံကိန်းရေးဆွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကပြီး နိဂုံးချုပ်စကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment