Tuesday, April 4, 2023

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နွေရာသီအားကစား သင်တန်းများဆင်းပွဲ အခမ်းအနား ကျင်းပ

 


မုံရွာ ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နွေရာသီအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊သင်တန်းသူ အားကစားသမား များ တက်ရောက်ကြသည်။




ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့အား ကစားအဆင့်အတန်း မြင့်မားလာစေရေးအတွက် မူဝါဒများချမှတ်ပြီး အားကစားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသကဲ့ သို့မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း နိုင်ငံတော်၏အားကစားမူဝါဒများအား အကောင်အထည်ဖော်နိုင်ရန်အတွက် အစွမ်းကုန်ပံ့ပိုးကူညီ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နွေရာသီအားကစားသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် လူငယ်လူရွယ်များ စာရိတ္တနှင့် စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမား လူကောင်း လူတော်များ ပေါ်ထွက်လာစေရေး၊ လူငယ်များအားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေ များကျွမ်းကျင်လိုက်နာမှုရှိစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများ တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက် ၃ ရပ်ဖြင့် အားကစားနည်း ၁၂ မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ သင်တန်းဆင်းပွဲ ပြီးမြောက်သွားသော်လည်း သင်တန်းများအား ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ရာ မိမိတို့ဝါသနာပါသည့် အားကစား နည်းများအား ဆက်လက်သင်ကြားလေ့ကျင့်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများထံ သင်တန်း ဆင်းလက်မှတ်များပေးအပ်ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအေးလိူင်က မြန်မာ့သိုင်းအမျိုးသားအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကြသော အားကစား သမားများအား ဂုဏ်ပြုဆုတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက မြန်မာ့သိုင်းအမျိုးသမီးအတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကြသော အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကရာတေးအကြီး တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကြသော အားကစားသမားများအား ဂုဏ်ပြု ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ကရာတေးအငယ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရကြသော အားကစားသမားများအား ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်း သူများ၏ မြန်မာ့သိုင်း၊ ကရာတေး၊ ရိုးရာခြင်းလုံး၊ Fitness Dance သရုပ်ပြသမှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ‌နွေရာသီအားကစားသင်တန်းတွင် အားကစားနည်း ၁၂ မျိုးအား သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၄၀ ဦး တက်ရောက်ရာ သင်တန်းကာလ ၄၅ ရက် ကြာဖွင့် လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment