Thursday, April 20, 2023

ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၁ ဦးသေဆုံး

နေပြည်တော် ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ဆင်ခြင်တုံတရားမဲ့စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက်နေ့နံနက် ၉ နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာနေ ဒေါ်ခင်ပြုံးမြင့် (၆၅) နှစ်နှင့် ၎င်း၏မြေးဖြစ်သူ မသဲနုရွှေစင်(၁၅)နှစ်တို့သည် တောင်သုံးလုံးကျေးရွာနေ ကိုထွန်းမောင် (၃၉) နှစ် မောင်းနှင်သည့် Honda Fit အမျိုးအစားမော်တော်ယာဉ်ဖြင့် ထားဝယ်မြို့မှ ကျောက်မဲတောင်ကျေးရွာသို့ ပြန်လာစဉ် သရက်ငုတ်ကျေးရွာအနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မသဲနုရွှေစင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများ စီးနင်းလိုက်ပါလာသည့် ခရီးသွားမော်တော်ယာဉ်အား ဆင်ခြင်တုံတရားမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment