Sunday, April 2, 2023

PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးနှင့်မသက်ဆိုင်သော ခရီးသည်တင် မော်တော်ယာဉ်အား ပတ်ခတ်တိုက်ခိုက်၊ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါးအပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၂

CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင် စစ်ရေးနှင့်မသက်ဆိုင်သော အေးချမ်းစွာနေထိုင်သွားလာလျက်ရှိသည့် ခရီးသည်တင်ယာဉ်အား နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ပြေးဆွဲနေသော ယာဉ်မောင်း ဦးကျော်စိုးလွင် မောင်းနှင်သည့် မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ်သည် ခရီးသည် ၁၆ ဦးအားတင်ဆောင်၍ ထွက်ခွာလာရာ ဧပြီ ၁ ရက် ည ၈ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နှင့် ကမ္မလိုင်း ကျေးရွာအကြားရှိ မိုင်တိုင်အမှတ် (၈၄/၁) နှင့် (၈၄/၂) ကြား နေရာသို့အရောက်၌ CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လမ်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာမှ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါးနှင့် အမျိုးသား ၂ ဦးတို့ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း၊ အဆိုပါဒဏ်ရာရရှိသူများအား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာခရီးသွားလာလျက်ရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေနိုင်သည်အထိ စက်ဆုပ်ရွံရှာဖွယ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


 

No comments:

Post a Comment