Monday, April 10, 2023

သင်္ကြန်ကာလအတွင်းမန္တလေးမြို့ပေါ်ရှိ သင်္ကြန်မဏ္ဍပ်များအား ယုတ်မာရက်စက်သော အကြံဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်လျက်ရှိသည့် မန္တလေး PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်း လက်ဦးမှုရယူဖမ်းဆီးရမိ

 

နေပြည်တော် ဧပြီလ ၁၀ ရက်

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUGCRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နေသည့် နေရာများတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ၊ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။























ထို့အပြင် မန္တလေး PDF အမည်ခံအကြမ်းဖက်အဖွဲ့သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ တစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မန္တလေးမြို့အတွင်း အပြစ်မဲ့ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားမှုကို နှောင့်ယှက်ဖျက်ဆီးရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် မန္တလေးမြို့အတွင်းရှိ သင်္ကြန်မဏ္ဍပ်များအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာ သတင်းပေးပို့ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း မန္တလေးမြို့အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သမားများ၏အန္တရာယ်မှ တားဆီးကာကွယ်နှိမ်နင်းရေးနှင့် အကြမ်းဖက်သမားများအား ကြိုတင်သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

 ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမပြတ် စုံစမ်းစစ်ဆေးဖော်ထုတ်မှု များကြောင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၄၇ လမ်းနှင့် ၄၈ လမ်းကြား၊ ၁၁၇(E)လမ်းရှိ မြရည်နန္ဒာအိမ်ရာ၊ တိုက်အမှတ်(မမ-၁၅/၂၁)၊ အခန်းအမှတ်(၃၁)တွင် Special Task Force - STF PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် ဇော်မင်းသိန်း(ခ)မြတ်သူ အား Glock ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့်-၃၈၀ ကျည် ၅ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ ဇော်မင်းသိန်း(ခ)မြတ်သူ ၏ ထွက်ဆိုချက်အရ ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရန်ကျန်တရားခံ Special Task Force - STF PDF အမည်ခံအကြမ်းဖက်အဖွဲ့ ခေါင်းဆောင်အီဗန်သည် မန္တလေးမြို့၊ ချမ်းအေးသာဇံ မြို့နယ်၊ ၇၂ လမ်း၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားရှိ “ငြိမ်းသာယာ” အဆောင်၌ လက်နက်/ခဲယမ်းများနှင့်အတူ ခိုအောင်းနေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ အကြမ်းဖက်အဖွဲ့ဝင် နန်းမျိုးအောင်နှင့် ရှိုင်းဝဏ္ဏထွန်း(ခ)ရှိုင်းရှိုင်း(ခ)ကတုံး တို့အား လက်လုပ်ပစ္စတို ၃ လက်၊ ၉ မမကျည် ၁၃ တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၈ ရက် နံနက်ပိုင်းတွင် Royal Phoenix Guerilla Force PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များနှင့် Special Task Force - STF PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့နယ်၊ အုတ်ဖိုကျေးရွာစာသင်ကျောင်းနှင့် ကျေးရွာအနီးပတ်ဝန်းကျင်တစ်ဝိုက်တွင် ခိုအောင်းနေထိုင်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်အဖွဲ့ဝင် သော်တာထွန်း(၃၄)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူအား FGC- 9 ၁ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ကျည်အိမ် ၅ ခု၊ ကျည်မျိုးစုံ ၁၁၅ တောင့်၊ တရုတ်လက်ပစ်ဗုံး ၈၁ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၈ လုံး၊ လက်လုပ်မိုင်း ၁၅ လုံး၊ လက်လုပ် Drop ဗုံး ၅ လုံး၊ ယမ်းမှုန့် ၂၀ ပိဿာ၊ ယမ်းကြိုး ၇၀ ပေ၊ ဒီတိုနေတာ ၁၀၀ ချောင်း၊ မှန်ပြောင်း ၁ လက်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၆၀ စုံ၊ ပြောက်ကျား လည်တိုဖိနပ် ၂၀ ရံ၊ ဆေးပစ္စည်းမျိုးစုံ ၂ ဖာ၊ မော်တော်ဆိုင်ကယ် ၉ စီး၊ သံဖြတ်စက်/ ဖောက်စက် ၇ လုံး၊ လက်ထိပ် ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် တရားခံကျား ၄ ဦးတို့အား Glock ပစ္စတို ၁ လက်၊ FGC- 9 ၁ လက်၊ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်ပစ္စတို ၃ လက်၊ လက်လုပ် စိန်ပြောင်း ၁ လက်၊ ကျည်အိမ် ၆ ခု၊ ၉ မမကျည် ၁၃ တောင့်၊ ပွိုင့်-၃၈၀ ကျည် ၅ တောင့်၊ ကျည်မျိုးစုံ ၁၁၅ တောင့်၊ တရုတ်လက်ပစ်ဗုံး ၈၁ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၆ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂၈ လုံး၊ လက်လုပ်မိုင်း ၁၅ လုံး၊ လက်လုပ် Drop ဗုံး ၅ လုံး၊ ယမ်းမှုန့် ၂၀ ပိဿာ၊ ယမ်းကြိုး ၇၀ ပေ၊ ဒီတိုနေတာ ၁၀၀ ချောင်း၊ မှန်ပြောင်း ၁ လက်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၄ လုံး၊ ပြောက်ကျားယူနီဖောင်း ၆၀ စုံ၊ ပြောက်ကျားလည်တိုဖိနပ် ၂၀ ရံ၊ ဆေးပစ္စည်း မျိုးစုံ ၂ ဖာ၊ မော်တော်ဆိုင်ကယ် ၉ စီး၊ သံဖြတ်စက်/ဖောက်စက် ၇ လုံး၊ လက်ထိပ် ၁ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇော်မင်းသိန်း(ခ)မြတ်သူ သည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ငါန်းဇွန်မြို့နယ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်းအား ၁၄ ရက်ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် Special Task Force-STF အမည်ခံအကြမ်းဖက်အဖွဲ့အား ဖမ်းဆီးရန်ကျန် တရားခံ အီဗန် ခေါင်းဆောင်၍ ဇော်မင်းသိန်း(ခ)မြတ်သူ၊ နန်းမျိုးအောင်၊ စိုင်းဝဏ္ဏထွန်း(ခ) ရှိုင်းရှိုင်း(ခ)ကတုံးတို့နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကိုထက်၊ ဂျက်ကြီး၊ တက်တူး၊ ခိခိ၊ ဂုတ်၊ မင်းသန့်၊ လပ်ကီး၊ ခန့်သူ အပါအဝင် ၁၅ ဦးဖြင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

Special Task Force-STF PDF အမည်ခံအကြမ်းဖက်အဖွဲ့အနေဖြင့် CRPHNUG အမည်ခံအကြမ်းဖက်အဖွဲ့များထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍ လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ ဝယ်ယူစုဆောင်းကာ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၁၀ ကြိမ်နှင့် ဖောက်ခွဲဖျက်ဆီးမှု ၁ ကြိမ် ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-

  • ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် ဇော်မင်းသိန်း(ခ)မြတ်သူနှင့် ဖမ်းဆီးရန်ကျန်တရားခံ အီဗန် တို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ အမှတ်(အ-၁/၆၄)နေအိမ်တွင် အပြစ်မဲ့ပြည်သူ မဝါဝါနှင်းနှင့် ဒေါ်ကြည်ကြည်စန်းတို့အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။ 
  • နိုဝင်ဘာလ ၂၀ ရက်တွင် ဇော်မင်းသိန်း(ခ)မြတ်သူ သည် မဟာအောင်မြေမြို့နယ်၊ ခေမမာလာ မြောက်ရပ်ကွက်၊ အကွက်အမှတ်(၆၅၀)တွင် အပြစ်မဲ့ပြည်သူ ဦးကျော်ဇင်ထက်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။ 
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ အီဗန်နှင့် မင်းသန့် တို့သည် မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစောမောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဇော်မင်းသိန်း(ခ)မြတ်သူမှ အခြေအနေကြည့်ရှုပေး ခဲ့ကြောင်း။
  • ဇန်နဝါရီလ ၂၀ ရက်တွင် ဇော်မင်းသိန်း(ခ) မြတ်သူသည် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်ရှိ “ရတနာမိုး (၂)”အအေးဆိုင်တွင် အပြစ်မဲ ပြည်သူ ဦးသန့်ဇင်ဝင်းနှင့် စိစစ်ဆဲ အမျိုးသား ၁ ဦးတို့အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။ 
  • ဇန်နဝါရီလ ၂၇ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် အီဗန်၊ ကိုထက်နှင့် မင်းသန့် တို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ငြိမ်းအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဇော်မင်းသိန်း(ခ)မြတ်သူမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။ 
  • ဖေဖော်ဝါရီလ ၄ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် အီဗန်၊ ခိခိ၊ လပ်ကီး နှင့် ဂျက်ကြီး တို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ရာအိမ်မှူး ဦးသာဌေးအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဇော်မင်းသိန်း (ခ)မြတ်သူမှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။
  • ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် အီဗန်နှင့် ကိုထက်တို့သည် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းအား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဇော်မင်းသိန်း(ခ)မြတ်သူမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
  • မတ်လ ၁၁ ရက်တွင် ဇော်မင်းသိန်း(ခ)မြတ်သူသည် ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်း ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးသိန်းသန်းစိုးနှင့် မပုံပုံတို့အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ် ခဲ့ကြောင်း။
  • မတ်လ ၃၁ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် အီဗန်၊ ခိခိ၊ တက်တူး နှင့် ဂျက်ကြီးတို့သည် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ရာအိမ်မှူး ဦးစန်းအောင်အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဇော်မင်းသိန်း(ခ)မြတ်သူမှ အခြေအနေကြည့်ရှု ပေးခဲ့ကြောင်း။
  • ဧပြီလ ၃ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် အီဗန်၊ ခိခိ၊ တက်တူး နှင့် ဂျက်ကြီး တို့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်နှင့် အပြစ်မဲ့ပြည်သူ ဦးမျိုးဆန်းဦးတို့အား ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ဇော်မင်းသိန်း(ခ)မြတ်သူမှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။

ထို့အပြင် Special Task Force - STF PDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဇော်မင်းသိန်း(ခ)မြတ်သူ၊ ကိုထက် နှင့် အီဗန်တို့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဦးသျှောင်ရပ်ကွက်၊ အကွက်(၅၀၁)၊ ၈၄ လမ်းနှင့် စကိုင်းလမ်းသွယ်ရှိ ဝသုန္ဒြေဓမ္မာရုံအား လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကာလအတွင်း အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှု ဖြစ်စေရန်နှင့် ပျော်ရွှင်စွာ ဆင်နွှဲနေမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ မန္တလေးမြို့အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ပြုလုပ်ရန်စီစဉ်ထားကြောင်း- 

  • မန္တလာသီရိဘောလုံးကွင်းအနောက်ဘက် Ocean Supercenter အနီးရှိ ရေကစားမဏ္ဍပ်နေရာ။ 
  • မန္တလေးနန်းတွင်းကျုံးရှေ့ သင်္ကြန်မဏ္ဍပ်နေရာများ။ 
  • သင်္ကြန်ကာလအတွင်းလူစည်ကားသောနေရာများ။ 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မန္တလေးမြို့၊ မြနန်းစံကျော် ရွှေနန်းတော်အား Drone ယာဉ်အသုံးပြု၍ Drop Bomb ချတိုက်ခိုက်မှုပြုလုပ်နိုင်ရန်အတွက် နန်းတော်၏ ၁ မိုင်ပတ်လည်အတွင်းရှိ နေရာ ၃ နေရာအား ရွေးချယ်ထားရှိကြောင်း ဖော်ထုတ်သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးနှင့် မဟာသင်္ကြန် ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

No comments:

Post a Comment