Tuesday, April 11, 2023

ထူးခြားသည့်ပထဝီအနေအထား ပိုင်ဆိုင်ထားသည့် မြန်မာ့အောင်မြေ

 


မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့်နိုင်ငံ ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်သည်။ ရေပြင်၊ မြေပြင် ထူးခြားသောပထဝီအနေအထားများ ပိုင်ဆိုင်ထား သည်။ ကမ္ဘာ့မြေပုံပေါ်၌ အာရှတိုက်အရှေ့တောင်ပိုင်း အင်ဒိုချိုင်းနားကျွန်းဆွယ် ကြီးအတွင်း မြောက်ဘက်တွင် တိဘက်နှင့် တရုတ်နိုင်ငံ၊ အရှေ့ဘက်တွင် တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ၏ အစိတ်အပိုင်းဖြစ်သော ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့နှင့် ထိစပ်လျက်ရှိသည်။ ကုန်းတစ်ခြမ်း၊ ရေတစ်ခြမ်း မျက်နှာနှစ်ဖက်ပွင့်နေသည့် ထူးခြားသောပထဝီ အနေအထားပိုင်ဆိုင်သည့်နိုင်ငံဖြစ်သည်။ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းနှင့် သင့်တင့်ကောင်းမွန်သည့်ဆိပ်ကမ်းများ အထိုက်အလျောက်ရှိသောကြောင့် ရှေးကအိန္ဒိယနိုင်ငံတောင်ပိုင်းဒေသများ၊ အာရပ်၊ ပေါ်တူဂီ စသည့်အနောက်နိုင်ငံလူမျိုးများ လာရောက်ခဲ့ကြသည်။ ဘာသာရေး၊ ပညာရေး၊ စီးပွားရေးတို့၌ တိုးတက်မှုများရှိခဲ့သည်။ မြန်မာနိုင်ငံသည် ပထဝီအနေအထား၊ ရေမြေသဘာဝနှင့် သဘာဝသယံဇာတများ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်၍ အထူးသဖြင့် အနောက်နိုင်ငံများကစိတ်ဝင်စားသည်။

မြန်မာနိုင်ငံတောင်ဘက်ရှိ ပင်လယ်ရေပြင်တွင် မြန်မာနိုင်ငံပိုင်နက် အထိမ်းအမှတ်တစ်ခုအဖြစ် ကိုကိုးကျွန်းစုတစ်စုကို မြေပုံပေါ်တွင် အထင်အရှား တွေ့ရမည်ဖြစ်သည်။ ကိုကိုးကျွန်းသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်နှစ်ခုဆက်စပ်နေသောနေရာတွင်တည်ရှိသည်။ နိုင်ငံတကာပိုင်နက်စည်းမျဉ်း ဥပဒေတွင် ကမ်းခြေမှ ၁၂ မိုင်အကွာအဝေးကို နိုင်ငံပိုင်နယ်နိမိတ်၊ နိုင်ငံပိုင်ကမ်းခြေမှ မိုင် ၂၀၀ အထိကို အထူးစီးပွားရေးဇုန်အဖြစ် ဆောင်ရွက်နိုင်သည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် ပင်လယ်နှစ်ခုကြားမှ မြန်မာပိုင်ကျွန်းမြေ၊ မြန်မာပိုင်ကမ်းခြေဖြစ်သော ကိုကိုးကျွန်းသည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုကင်းစင်သည့်နေရာ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်နည်းပါးစွာရှိသည့်နေရာ၊ မဟာဗျူဟာအချက်အချာကျသော ထူးခြားသည့် နေရာတစ်ခုဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့ ဆက်စပ်သည့်နေရာတွင် တည်ရှိသော ကိုကိုးကျွန်း၌ မင်္ဂလာကျွန်း၊ စလစ်ပါကျွန်း၊ ကြွက်ကျွန်း၊ ဂျယ်ရီ ကျွန်း၊ ကိုကိုးလေးကျွန်း စသည့်ကျွန်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ ရန်ကုန်မြို့မှ ရေမိုင် ၂၄၂ မိုင်အကွာ၊ ဟိုင်းကြီးကျွန်းမှ ရေမိုင် ၁၂၅ မိုင်အကွာတွင် တည်ရှိသည့် မြန်မာနိုင်ငံ၏ အထိမ်းအမှတ်ကျွန်းဆွယ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကိုကိုးကျွန်းသို့ ရောက်ရှိသည့်ခရီးစဉ်အတွင်း ကပ္ပလီပင်လယ်ပြင်(အက်ဒမန်ပင်လယ်)နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ်နေရာတွင် အထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို စိုက်ထူရန် လမ်းညွှန်ချက်အရအဆိုပါ ဆုံမှတ်တည်နေရာတွင် ဧပြီလ ၉ ရက်နေ့ကပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်မြေအထိမ်းအမှတ်ကျောက်တိုင်ကို စိုက်ထူဖွင့်လှစ်ပေးနိုင်ခဲ့ရာ မြန်မာ နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ အထင်ကရနေရာတစ်ခုဖြစ်လာသည်။

ဘင်္ဂလားပင်လယ်အော်သည် ကမ္ဘာပေါ်ရှိ ပင်လယ်အော်များအနက် ရေပြင်အကျယ်ဆုံး ပင်လယ်အော်ဖြစ်သည်။ ကပ္ပလီပင်လယ်ပြင်သည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ဘက် အစွန်အဖျားအကျဆုံး ရေပြင်ဖြစ်ပြီး အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့တစ်လျှောက်ရှိ မြန်မာနိုင်ငံကမ်းရိုးတန်း၊ ထိုင်းနိုင်ငံကမ်းရိုးတန်းနှင့် မလေးကျွန်းဆွယ်၊ အနောက်ဘက်တွင် အက်ဒမန်နှင့် နီကိုဘားကျွန်းတို့တည်ရှိသည်။ ကပ္ပလီပင်လယ်ပြင်၏ တောင်ဘက်အကျဆုံးနေရာတွင် နိုင်ငံတကာကုန်သွယ်ရေကြောင်း၏ အဓိကအရေးပါသည့် ရေလက်ကြားတစ်ခုဖြစ်သော မလ္လကာရေလက်ကြားနှင့်လည်း ဆက်စပ်တည်ရှိနေသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်း၏မြောက်ဘက်၌ ပါလီပါလဲ့ ရေလမ်းကြောင်း၊ တောင်ဘက်၌ ကိုကိုးရေလမ်းကြောင်းများတည်ရှိပြီး ၎င်းရေလမ်းကြောင်းများမှ နှစ်စဉ် နိုင်ငံခြားကုန်သွယ်ရေယာဉ် အစင်းရေ ၈၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိသဖြင့် နိုင်ငံတကာရေကြောင်းကုန်သွယ်မှု အတွက်သာမက မြန်မာနိုင်ငံ ရေကြောင်းအကျိုးစီးပွားအတွက်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ထို့ကြောင့် မြန်မာနိုင်ငံတောင်ဘက်ပိုင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် ဆက်စပ်နေရာဖြစ်သည့် ကိုကိုးကျွန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အထင်ကရပိုင်နက်နယ်မြေဖြစ်သည့်အပြင် ထူးခြားသော ဝိသေသလက္ခဏာများကို ပိုင်ဆိုင်ထားသဖြင့် ယခုအခါ မြန်မာနိုင်ငံ၏ အောင်မြေ အဖြစ် ဂုဏ်ယူဖွယ်ရာ ပေါ်ထွန်းလာပြီဖြစ်ပါကြောင်း။ 

No comments:

Post a Comment