Tuesday, April 4, 2023

မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်နှင့် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုပြုလုပ်ရန် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ဧပြီ ၃

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်း ဝန်ကြီးဌာနတို့အကြား မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited သို့ ပေးအပ်မည့် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးအောင်နိုင်ဦး၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ PISASAI Energy and Mine Investment Pte. Ltd. နှင့် Primus Sapphire Power Company Limited တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နှစ်နိုင်ငံ ဓာတ်အားကွန်ရက် ချိတ်ဆက်

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြန်မာ-လာအို နှစ်နိုင်ငံတို့သည် အာဆီယံနှင့် ဂျီအမ်အက်စ်အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ၏ ငါးနှစ်တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံဓာတ်အားကွန်ရက်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်/ ရောင်းချနိုင်ရေး စီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံဓာတ်အား ဝယ်ယူ/ရောင်းချရေးတွင် ကုမ္ပဏီနှစ်ခုအပြင် အစိုးရ များအနေဖြင့်လည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ယနေ့အခမ်း အနားတွင် မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်း တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား (၆၀၀) မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး စီမံကိန်းများဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ငါးနှစ်သက်တမ်းတိုးမြှင့်

ဆက်လက်၍ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဖိုစေးစရာစုံက လာအိုနိုင်ငံ ဗီယင် ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် Joint Working Committee (JWC) အစည်းအဝေးနှင့် (၆)ကြိမ်မြောက် Joint Working Group (JWG) အစည်းအဝေးများမှနေ၍ မြန်မာ-လာအို လျှပ်စစ် ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ကြ ပါကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာတွင် နိုင်ငံဖြတ်ကျော်ဓာတ်အား လိုင်းစီမံကိန်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ပါဝင်ပါကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရေးနှင့် ကဏ္ဍစုံ လက်တွဲဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

လက်မှတ်ရေးထိုး

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကမကထပြုလုပ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံတို့က မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် (MOU Amend-ment) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။ ဆက်လက်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်၊ PISASAI Energy and Mine Investment Pte. Ltd. ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ Mr. Shen DECAI နှင့် Primus Sapphire Power Company Limited အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်လှဝင်းတို့က Notice to Proceed (NTP) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။

လက်မှတ်ရေးထိုးကြပြီး ဒုတိယဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာဖိုစေး စရာစုံတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် ဧည့်သည်တော်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲအခမ်းအနားဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment