Friday, April 14, 2023

မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုနေ့တွင် နေပြည်တော်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ဆင်နွှဲ

 



နေပြည်တော် ဧပြီ ၁၃

၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင် သင်္ကြန်ပွဲတော်ကို ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် နေပြည်တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ယနေ့တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များနှင့် ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ သင်္ကြန်ယိမ်းအက အဖွဲ့များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ရေကစားသူများစည်ကား

နေပြည်တော် တစ်ခွင်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြို နေ့ဖြစ်သော်လည်း ဘုရားစေတီ ပုထိုးများ၌ ကုသိုလ်ကောင်းမှု ပြုကြသူများ၊ စတုဒိသာကျွေးမွေး လှူဒါန်းကြသူများ၊ အေးချမ်း ပျော်ရွှင်စွာ ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက် အပန်းဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း မဏ္ဍပ်ငယ်များ ဆောက်လုပ်၍ မိသားစုအလိုက် ရေပက်ကစားကြ သူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယ ဓာတ်ပေါင်းစုစေတီတော်၊ လှေခွင်းတောင်ဘုရား၊ အခြားတန်ခိုးကြီးဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် တရားဘာဝနာပွားများအားထုတ် ကြသူများ၊ ဥပုသ်သီလ ဆောက်တည်ကြသူများ၊ တရားစခန်းများတွင် တရားဘာဝနာ ရှုမှတ်ပွားများ ကြသူများ၊ ရေသပ္ပာယ်ကြသူများ ဖြင့် စည်ကားခဲ့ကြောင်း တွေ့ရသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်တွင်လည်း နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် လာရောက်ဖျော်ဖြေခဲ့ကြသည့်အပြင် သင်္ကြန်ယိမ်းအဖွဲ့များကလည်း ညီညာလှပသည့် ယိမ်းအကအလှများဖြင့် ပါဝင်ဖြည့်စွက် ဖျော်ဖြေခဲ့ကြသည့်အတွက် ရေပက်ခံကားများနှင့်ရေကစားကြသည့် ပြည်သူများဖြင့် စည်ကားခဲ့သည်။

ထို့အတူ နေပြည်တော်ရေပန်း ဥယျာဉ်အတွင်းရှိ လမ်းလျှောက် သင်္ကြန်ပွဲတော်တွင်လည်း သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစားကြသူများဖြင့် စည်ကားခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေအတွင်း အထင်ကရနေရာများဖြစ်သော ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ အုပ်စုအတွင်းရှိ လှေခွင်းတောင် ကမ်းခြေအပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်၊ ပျဉ်းမနားမြို့နယ်ရှိ အဝေရာကမ်းခြေအပန်းဖြေ စခန်း၊ ရေပန်းဥယျာဉ်၊ တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် မင်္ဂလာကန်တော်တို့တွင်လည်း လာရောက်အပန်းဖြေ အနားယူ ကြသူများဖြင့် စည်ကားလျက်ရှိသည်။

လုံခြုံရေးဆောင်ရွက်ပေး

မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် အပန်းဖြေကမ်းခြေစခန်းများ၌ ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေအနားယူ နေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက် သတိပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာသက္ကရာဇ်နှစ်တစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်၏ အေးချမ်းမှုကို ရရှိစေရန်၊ နှစ်ဟောင်းမှအညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ မပါလာစေရန် ရည်ရွယ်၍ ရေစင်သွန်းလောင်းကြခြင်း ဖြစ်သည်နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန် အတာရေဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြော ပျော်ရွှင်စွာ ရေကစားကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုလည်းဖြစ်သည်။

လုလင်ငယ်

 ဓာတ်ပုံ - ကိုကြီးကျော်

No comments:

Post a Comment