Friday, April 14, 2023

ရုရှား - မြန်မာချစ်ကြည်ရေးအသင်း ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မဟာသင်္ကြန်ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲ

  



ရန်ကုန် ဧပြီ ၁၃

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် ခရီးစဉ်တစ်ခုအဖြစ် ရောက်ရှိလာသော ရုရှား-မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ရေသဘင်ပွဲတော်ကို ပါဝင် ဆင်နွှဲကြသည်။

ထို့နောက် ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် ပြုလုပ်သည့် လမ်းလျှောက်သင်္ကြန် ပွဲတော်တွင်လည်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ Mrs. Nika က ‘‘ကျွန်မတို့က ရုရှားနိုင်ငံက လာတဲ့အဖွဲ့ဖြစ်ပါတယ်၊ ကျွန်မက အဆိုတော်ဖြစ်ပါတယ်၊ ရန်ကုန် မြို့တော်ခန်းမ မဟာသင်္ကြန် ဖွင့်ပွဲမဏ္ဍပ်မှာ ပါဝင်ရေကစားခွင့်ရတဲ့အတွက် အထူးကို ပျော်ရွှင်မိ ပါတယ်၊ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူးက ကျွန်မတို့ ရုရှားနိုင်ငံရဲ့ နှစ်သစ် ကူးနဲ့ ကွာခြားမှုရှိပါတယ်၊ ဒီမှာ ယိမ်းအဖွဲ့အကတွေလည်း တွေ့ရတယ်၊ မြန်မာအကတွေကို မြင်ခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးမှု ဖြစ်ရတယ်၊ တစ်မူထူးခြားတာက ရေနဲ့ပက်ဖျန်းပြီး နှစ်သစ်ကို ဆင်နွှဲကြတဲ့အတွက် ကျွန်မအတွက် လုံးဝအတိုင်းမသိပျော်ရွှင် မိပါတယ်’’ ဟု ပြောသည်။

ထို့အတူ ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့မှ Mr. Makim က ‘‘ကျွန်တော်က ဒီဇိုင်နာဖြစ်ပါတယ်၊ ရုရှားမှာက နှစ်ကူးရင်နှင်းတွေကျပြီး အေးခဲနေတယ်၊ မြန်မာနိုင်ငံမှာတော့ နွေရာသီလည်းဖြစ်တယ်၊ လူတွေက ပြုံးပျော်ပြီးတော့ နှစ်သစ်ကို ဆင်နွှဲနေတဲ့ အတွက်ကြောင့် ကျွန်တော့အနေနဲ့ ခံစားရတယ်၊ ပူပြင်းတဲ့နွေရာသီကိုလည်း ကြိုက်နှစ်သက်မိတယ်၊ ကျွန်တော့ အတွက်တော့ ပထမဦးဆုံးအကြိမ် ကြုံတွေ့ရတဲ့ အတွေ့အကြုံပါပဲ၊ လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲခွင့်ရတာကလည်းပျော်စရာ အလွန်ကောင်းပါတယ်’’ ဟု ပြောသည်။

ဆက်လက်၍ ရုရှား-မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပသည့် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို သွားရောက်ကာ ပါဝင်ဆင်နွှဲကြပြီး ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ ရိုက်ကူးမှတ်တမ်း တင်ကြသည်။

 နေစိုး

ဓာတ်ပုံ-လှမိုး

No comments:

Post a Comment