Tuesday, April 18, 2023

တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

 



နေပြည်တော် ဧပြီ ၁၇

အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသည့် နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦး စုစုပေါင်း ၃၁၁၃ ဦးတို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ 

ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်း အသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား အကျဉ်းသူ ၃၀၁၅ ဦးနှင့် နိုင်ငံခြားသားအကျဉ်းသား အကျဉ်းသူ ၉၈ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား အကျဉ်းသူတို့ကို ပြည်နှင်ဒဏ်ပေး လိုက်ကြောင်း သိရသည်။

အကျဉ်းသား အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးမိုင်တစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့် ဦးစီးရန်ပုံငွေမှလည်းကောင်း၊ စခန်းများမှ လွတ်မြောက်သည့် အကျဉ်းသား အကျဉ်းသူများကို အလုပ်ဆင်းရက်အပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားဖြင့် တွက်ချက်ထားသော လုပ်အားခဆုငွေများကို အကျဉ်းသားများ လုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ ရန်ပုံငွေမှလည်းကောင်း ပြည့်ဝစွာထုတ်ပေးခဲ့ကြောင်း သိရသည်။

အကျဉ်းသားများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာမြို့ရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာဒေသရှိ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးတို့ ပါဝင်သောအဖွဲ့ဖြင့် ဆုံးမသြဝါဒစကား ပြောကြား၍ ထောင်လွတ်လက်မှတ် ပေးအပ်ခဲ့သည်။

ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရရှိသူ ၃၁၁၃ ဦးအနက် ကချင်ပြည်နယ်မှ ၁၂၅ ဦး၊ ကယားပြည်နယ်မှ ၁၁ ဦး၊ ကရင်ပြည်နယ် မှ ၈၃ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၇၇ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၄၅ ဦး၊ ပဲခူး တိုင်းဒေသကြီးမှ ၉၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၅၀ ၊ မန္တလေးတိုင်းဒေသကြီးမှ ၃၄၇ ဦး၊ မွန်ပြည်နယ်မှ ၃၉၈ဦး၊ ရခိုင်ပြည်နယ်မှ ၁၇၃ ဦး၊ ရန်ကုန်တိုင်းဒေသ ကြီးမှ ၁၂၇၇ ဦး၊ ရှမ်းပြည်နယ်မှ ၁၅၂ ဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှ ၈၂ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့ ကြောင်း သိရသည်။     

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင်ကြည်နူးဝမ်းမြောက်စွာ နှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ်များ ဖြင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရ အဖွဲ့များက လိုက်လံပို့ဆောင်ပေးခဲ့သည်။

ထို့အတူ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား(သီရိလင်္ကာနိုင်ငံသား) အကျဉ်းသား ငါးဦးတို့ကို နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းကန့်သတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment