Tuesday, April 18, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကျင်းပ

 



နေပြည်တော် ဧပြီ ၁၇

၁၃၈၅ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံသူ၊ နိုင်ငံသားများ ဥပဒ်ဘေးဒဏ် ရန်အသွယ်သွယ် အန္တရာယ်အဝဝ ကင်းစင်ပပျောက်စေ နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မြန်မာ့နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ငုရွှေဝါခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သြဝါဒါစရိယ၊ နေပြည်တော် တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးသည် ငုရွှေဝါခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သောက်တော်ရေချမ်း၊ သစ်သီးပန်းမန်များဖြင့် ဆက်ကပ်ပူဇော်သည်။

ထို့နောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နေပြည်တော်လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညိုကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဥပ္ပါတန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ဩဝါဒါစရိယ ဆရာတော်၊ နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ တက်ရောက်လာသည့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်း အမျှပေး ဝေကြသည်။

အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူ များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

သတင်းစဉ်

No comments:

Post a Comment