၂၁ ရာစုဦးပိုင်းမှစတင်၍ ရာသီဥတုပြောင်းလဲမှုများ ကမ္ဘာတစ်ဝန်းလုံးတွင် သိသာထင်ရှားစွာ ဖြစ်ပေါ်လာခဲ့ရာ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ပုံမှန်မဟုတ်သော ရာသီဥတုအခြေအနေများနှင့် ဖြစ်စဉ်များကို ကြုံတွေ့လာခဲ့ကြရသည်။ ရာသီဥတု ပြောင်းလဲမှုဟုဆိုရာတွင် ကောင်းသောပြောင်းလဲမှုထက် ဆိုးသော ပြောင်းလဲမှုကပိုမိုများပြားပြီး သဘာဝဘေးအန္တရာယ်များ အရေအတွက်အားဖြင့် ပိုမိုဖြစ်ပေါ်လာသလို ပိုမို၍လည်း ပြင်းထန်လာသည်ဟု မိုးလေဝသပညာရှင်များက ပြောဆို သည်။
ရာသီဥတုပြောင်းလဲဖောက်ပြန်ရခြင်းသည်
ကမ္ဘာကြီးပူနွေးလာခြင်းကြောင့်၊ ကမ္ဘာကြီးပူနွေးလာခြင်းသည် လူတို့ကြောင့်ဟုလည်းဆိုသည်။
လူတို့၏ပယောဂကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်အပါအဝင် မှန်လုံအိမ်ဓာတ်ငွေ့များ ကမ္ဘာ့လေထုအတွင်း
အလွန်အမင်းများပြားလာခြင်းကြောင့် ကမ္ဘာ့အပူချိန် မြင့်တက်လာပြီး ရာသီဥတုများဖောက်ပြန်လာရခြင်းပင်
ဖြစ်သည်။ ရာသီဥတုဖောက်ပြန်လာခြင်း၏ လက်သည်ဖြစ်သော မှန်လုံအိမ်ဓာတ်ငွေ့များကို လျှော့ချနိုင်ရန်မှာ
သစ်ပင်သစ်တောများကို ဂရုတစိုက် စောင့်ရှောက်ထိန်းသိမ်းထားကြရန်လိုသည်။ အပင်ကြီး၊ အပင်လတ်၊
အပင်ငယ်များ၊ နွယ်ပင်နှင့် ချုံပင်များ၊ အောက်ခြေတွင်မြက်ပင်များစသည်ဖြင့် စိမ်းစိုအုပ်မိုးနေသည့်
သစ်တောများသည် မြေအောက်ရေနှင့် ရေအရင်းအမြစ်များကို ထိန်းသိမ်းပေးနိုင်သကဲ့သို့ မြေဆီလွှာကိုလည်း
ထိန်းသိမ်းပေးနိုင်သလို လေထုကိုလည်း သန့်စင်အေးမြစေသော အဖိုးတန်သဘာဝ အရင်းအမြစ်များဖြစ်ရာ
တောများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မီးရှို့ခြင်းတို့ လက်လွတ်စပယ်မပြုလုပ်ကြရန် လိုသည်။
ယခုအခါ မိမိတို့နိုင်ငံသည်
မိုးကြိုကာလရောက်ရှိနေပြီး နိုင်ငံတစ်ဝန်းလုံး၌ နေ့အပူချိန်များမြင့်တက်နေချိန် ဖြစ်သည်။
လေထုမငြိမ်သက်မှု၊ မွန်းလွဲနှင့်ညနေတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှုတို့မှတစ်ဆင့်
လေပြင်းများတိုက်ခတ်ခြင်း၊ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်လက်ခြင်း၊ မိုးသီးကြွေခြင်း၊
နေရာကွက်ကျားမိုးရွာခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်သည့် ရာသီလည်းဖြစ်သည်။
ဧပြီလ ၂၁ ရက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်အတွင်းရှိ အောင်မြင်ကုန်းကျေးရွာနှင့်
တံတားဦး ကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များရာနှင့်ချီ
ပျက်စီးခဲ့ရပြီး သေဆုံးသူခြောက်ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၀၉ ဦးအထိရှိခဲ့သည်။ ပျက်စီးမှုထဲတွင်
ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်း၊ ကျေးလက်ဆေးပေးခန်းတို့လည်း ပါဝင်သည်။
လေဆင်နှာမောင်းသည် အင်အားပြင်းထန်သည့် ကုန်းတွင်းမုန်တိုင်းတစ်မျိုးဖြစ်ပြီး အဖျက်စွမ်းအားလည်း
ကြီးမားသည်။ ကမ္ဘာပေါ်တွင် အမေရိကန်ပြည်ထောင်စုသည် လေဆင်နှာမောင်းတိုက်ခတ်မှု အများဆုံးဖြစ်ပြီး
နှစ်စဉ်ပျမ်းမျှအားဖြင့် အကြိမ် ၁၀၀၀ခန့် တိုက်ခတ်သည်ဟု ဆိုသည်။
လေဆင်နှာမောင်းသည်
မိုးကြိုးမုန်တိုင်းများမှ ဖြစ်ပေါ်လာပြီး ခေတ်မီမိုးလေဝသရေဒါမှ အလွယ်တကူရှာဖွေနိုင်ကာ
မိုးလေဝသပညာရှင်များက ခန့်မှန်းပေးနိုင်သည်။ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊
မိုးသီးများကြွေခြင်းတို့အပါအဝင် မိုးလေဝသလက္ခဏာများသည် လေဆင်နှာမောင်း တိုက်ခတ်လာနိုင်သည့်
ရှေ့ပြေးလက္ခဏာများဖြစ်သည်ဟု ဆိုသည်။ ရာသီအလိုက် ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုဆိုင်ရာ
သဘာဝဘေးအန္တရာယ်များကို ကြိုတင်လေ့လာကာ သိနားလည်ထားခြင်းဖြင့် သတိပြု ရှောင်ရှားနိုင်ကြပါ
စေကြောင်း။ ။

No comments:
Post a Comment