လက်ရှိတွင်
အာရှနိုင်ငံအချို့၌ အပူချိန်များမြင့်တက်လျက်ရှိပြီး ရာသီဥတုဆိုင်ရာ ထူးခြားဖြစ်စဉ်များ
ဖြစ်ပွားလျက်ရှိသည်။ လူတို့၏ ပယောဂအမျိုးမျိုးကြောင့် အန္တရာယ်ရှိသော အခိုးအငွေ့များစွာတို့သည်
လေထုအတွင်းသို့ ပျံ့နှံ့ခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကဲ့သို့ ဓာတ်ငွေ့များကို စုပ်ယူပေးသော
သစ်တောသစ်ပင် များပြုန်းတီးသွား၍ လေထုညစ်ညမ်းမှုကို ကာကွယ်ပေးနိုင်ခြင်းမရှိပေ။ ကျွန်ုပ်တို့၏
အာကာသဟင်းလင်းပြင်သည် ပုံမှန်အားဖြင့် မိုးသားတိမ်လိပ်တို့နှင့ ပြာလဲ့သော ကောင်းကင်ပြင်ကြီးအဖြစ်
ရှုမျှော်မဆုံးဖြစ်ကာ သက်ရှိများကိုအကျိုးပြုလျက် ရှိသည်။ ယခုအခါတွင် ညစ်ညမ်းသောလေထုများသည်
ကောင်းကင်တစ်ခွင်လုံး ပြည့်နှက်နေပြီး ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များဖြစ်ပေါ်လာသည်။
အာရှတိုက်တွင်
အပူချိန်များ ထူးခြားစွာမြင့်တက်မှုကြောင့် လူဦးရေ ၈၀ ရာခိုင်နှုန်းမှာ ရာသီဥတုပြောင်းလဲမှုအကျိုးဆက်များကို
ခံစားနေရသည်။ ပြီးခဲ့သည့်ရက်များက အိမ်နီးချင်းနိုင်ငံ၏ ဒေသတစ်ခု၌ နေ့အပူချိန်မြင့်တက်မှုကြောင့်
လူအချို့မှာအပူလျှပ်ခြင်း၊ အပူဒဏ်ကြောင့် မူးမော်ခြင်းနှင့်ဝေဒနာအမျိုးမျိုးတို့ခံစားရပြီး
အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်။ ထိုင်းနိုင်ငံနှင့်မလေးရှား နိုင်ငံတွင် လေထုညစ်ညမ်းမှုနှင့်
အပူရှိန်များမြင့်တက်မှုကြောင့် သတိပေးကာကွယ် ရေးပြုလုပ်နေသည်။ မြူမှုန်များကျဆင်းခြင်း၊
နေ့အပူချိန်များမြင့်တက်ခြင်းကြောင့် မြူမှုန်များကာကွယ်ရေး၊ အပူဒဏ်ကာကွယ်ရေးတို့ကို
သက်ဆိုင်ရာတို့က အဆက်မပြတ်သတိပေးနှိုးဆော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်းအလားတူ
သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့နေရသည်။
၂၀၂၂ ခုနှစ်ကုန်မှစတင်၍
မဲခေါင်ဒေသခွဲနိုင်ငံများတွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူငွေ့များ ပိုမိုဖြစ်ပေါ်လာသည်။
၂၀၂၃ ခုနှစ် မတ်လကုန်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း နယ်စပ်ဒေသများနှင့် ထိစပ်နေသည့်
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်လာအိုနိုင်ငံတောင်ပိုင်းတို့တွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုများဖြစ်ပေါ်လာသည်။
မြန်မာနိုင်ငံတွင်လည်း ရာသီဥတုပူပြင်းမှုကြောင့် တောမီးလောင်ကျွမ်းမှုများရှိခဲ့သည်။
အာဆီယံမှရရှိသောအချက်အလက်များအရ မီးခိုးမြူငွေ့များသိပ်သည်းစွာဖြစ်ပေါ်မှုသည် လက်ရှိအချိန်အထိ
မြန်မာ၊ ထိုင်း၊ လာအိုနိုင်ငံတို့တွင် သိပ်သည်းစွာ ဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။ ထို့ကြောင့်ဒေသတွင်း၌
ဖြစ်ပေါ်နေသော နယ်စပ် ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ
ပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် သုံးနိုင်ငံညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၇ ရက်နေ့က
အွန်လိုင်းပေါ်တွင် နိုင်ငံ့ခေါင်းဆောင်များ ဆွေးနွေးခဲ့သည်။
ဧပြီလ ၂၁ ရက်နေ့က
ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား
လာရောက်တွေ့ဆုံ၍ မြန်မာ၊ ထိုင်းနှင့်လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ
လျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည့်အပြင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊
တရားမဝင်လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကုန်သွယ်မှုများနှင့် လက်နက်ကုန်သွယ်မှုများ ပပျောက်ရေးတို့ကို
ဆွေးနွေးခဲ့ကြသည်။ နိုင်ငံအချင်းချင်း လက်တွဲပူးပေါင်းဆောင်ရွက်နိုင်မှုများကြောင့်
ကြုံတွေ့နေရသည့်ပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်
ပြည်သူများ၏လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်
တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် ရှေ့လုပ်ငန်းစဉ်နှင့်အညီ အလေးထားလုပ်ဆောင်လျက်ရှိပြီး
တစ်မျိုးသားလုံးသက်ရှည်ကျန်းမာရေးအတွက် အရေးကြီးသည့်အချက်တစ်ခုဖြစ်သည့် ရေပြင်၊ မြေပြင်၊
လေထုမသန့်ရှင်းမှုအမျိုးမျိုးပါဝင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ပါး ရေးကိုအလေးထားဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်တွင် ပြည်သူအားလုံးခံစားရလျက်ရှိသည့် လေထုညစ်ညမ်းမှုနှင့် ပြည်သူ့ဘဝလုံခြုံစိတ်ချရေးကို
အရှိန် အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာ
နိုင်ငံတော်အစိုးရသည် တစ်မျိုးသားလုံးအကျိုးစီးပွားကိုရှေးရှု၍ ရာသီဥတုပြောင်းလဲမှုကြောင့်
ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်
ပြည်သူများ၏လူမှုစီးပွားဘဝလုံခြုံရေးတို့ကို ပြည်သူများလက်တွဲပူးပေါင်းဆောင်ရွက်မှုဖြင့်
တိုးတက်ကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။

No comments:
Post a Comment