Monday, April 3, 2023

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်ရောက်ရှိ


နေပြည်တော် ဧပြီ ၂

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီ ကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်အတွင်း ယနေ့ညနေပိုင်းတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးတို့၏ ရှေ့မှောက်တွင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်နှင့် နားလည်မှု စာချွန်လွှာများဖြစ်သည့် ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တာပိန်(၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ကို လက်မှတ်ရေးထိုး လဲလှယ်ကြသည်။

တက်ရောက်

အဆိုပါ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တည်ခင်းဧည့်ခံ

ထို့နောက် မစ္စတာဝမ်နင်ဦးဆောင်သည့် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ဝန်ကြီးများသည် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment