Friday, April 14, 2023

မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား

 



နွေလများ၏ အစဖြစ်သော တန်ခူးလသည် ထူးခြားသည့် အလှအပများနှင့် ပြည့်စုံသောလဖြစ်သည်။ ရတနသုတ်ပါဠိတော်တွင် “ဝနပ္ပဂုမ္ဗေ၊ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာန မာသေ ပဌမသ္မိံဂိမှေ။” နွေလများတွင် အဦးအစဖြစ်သော တန်ခူးလ၌ ကောင်းစွာပွင့်သည့် ခက်ဖျားစုံသော တောအုပ်သည် အသရေရှိလှဘိ၏ဟူ၍ ကျူးရင့်ကာ ဗုဒ္ဓမြတ်ဘုရားဟောကြားတော်မူခဲ့သည့် တရားတော်များနှင့်ပင် နှိုင်းယှဉ်ထပ်တူပြုခဲ့သည်။

တန်ခူးလသည် နေ့တာနှင့်ညတာတူမျှ၍ ခြောက်သွေ့သော ရာသီဖြစ်သည့်အလျောက် အပူဒဏ်ကိုလည်း ခံစားကြရသည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးအခါသမယသည်လည်း တန်ခူးလအတွင်း ကျရောက်ပြီး သင်္ကြန်ပွဲတော်ကို ရှေးကာလကတည်းကပင် အစဉ်အလာမပျက် ဆင်နွှဲခဲ့ကြသည်။ သင်္ကြန်၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် သင်္ကြန္တဟူသော သက္ကတ၊ သင်္ကန္တဟူသော ပါဠိဝေါဟာရတို့မှ ဆင်းသက်လာခြင်းဖြစ် ပြီး “ကူးခြင်း၊ ပြောင်းရွှေ့ခြင်း” ဟူ၍ ဖွင့်ဆိုကြသည်။ ရာသီ အကူးအပြောင်းတွင် ရွက်ဟောင်းကြွေ၍ ရွက်သစ်တို့ ဝေသည့်နည်းတူ ပြက္ခဒိန်နှစ်ဟောင်းတစ်ခု ကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ်သည်။

ရိုးရာယဉ်ကျေးမှုအစဉ်အလာအရ ကျင်းပသော သင်္ကြန်ပွဲတော်သည် သန့်စင်သည့် ရေကြည်ရေအေးဖြင့် အပူဒဏ်ကို လျော့ပါးစေသကဲ့သို့ မကောင်းမှုနှင့် အဆိုး၊ အညံ့တို့ကို ဆေးကြောသုတ်သင်သည့် အနက်အဓိပ္ပာယ်၊ အကုသိုလ်နှင့် ဒုစရိုက်တို့ကို ဖယ်ရှားကာကုသိုလ်နှင့် သုစရိုက်တို့တိုးပွားစေသည့် အနက်အဓိပ္ပာယ်တို့ဖြင့် ကျင်းပကြခြင်းလည်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် လူ့ဘောင်လောကတွင် လောဘတို့ဖုံးလွှမ်းလာပါက ဒုဗ္ဘိက္ခန္တရကပ်ခေါ် အငတ်ဘေးတို့ ကျရောက်လာတတ်သည်ဟူ၍ လည်းကောင်း၊ လူ့ဘောင်လောကတွင် ဒေါသတို့ဖုံးလွှမ်းလာပါက သတ္တန္တရကပ်ခေါ် စစ်မက်ဘေးတို့ ကျရောက်လာတတ်သည်ဟူ၍ လည်းကောင်း၊ လူ့ဘောင်လောကတွင် မောဟတို့ ဖုံးလွှမ်း လာပါက ရောဂန္တရကပ်ခေါ် အနာရောဂါ ဘေးတို့ကျရောက် လာတတ်သည်ဟူ၍ လည်းကောင်း ယုံကြည်ကြသည်။

လောဘ၊ ဒေါသ၊ မောဟတို့သည် ဖျက်ဆီးတတ်သော တရားများ ဖြစ်ကြသည့်အလျောက် မိမိတို့တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတို့တွင်လည်း ပယ်နိုင်၊ သတ်နိုင်အောင် ကျင့်ကြံကြိုးပမ်းကြရမည် ဖြစ်သည့်အပြင် မီးစတစ်စမှစတင်ကာ တစ်လောကလုံးလောင်သည့် မီးမဖြစ်စေရန်လည်း တားဆီးငြှိမ်းသတ်နိုင်ပါမှ လူ့ဘောင်လောကလှပသာယာနိုင် မည်ဖြစ်သည်။ မိမိတို့အားလုံး တူရူပြုနေကြရသည့် မျက်မှောက် လောကမှာမူ လောဘ၊ ဒေါသ၊ မောဟတို့သည် နည်းပညာ ခေတ်ကြီး၏ တိုးတက်လျင်မြန်မှုကို အခွင့်ကောင်းယူ အသုံးချကာ တောမီးပမာ ပြန့်သည့်ထက်ပြန့်အောင်၊ လောင်ကျွမ်းသည်ထက်လောင်ကျွမ်းအောင် တို့လျက်၊ ရှို့လျက်နေကြသည်။ ကုသိုလ်ကို ကုသိုလ်မှန်း မသိစေရန်၊ အကုသိုလ်ကို အကုသိုလ်မှန်း မသိစေရန်၊ ဒုစရိုက်မှန်း၊ သုစရိုက်မှန်းမသိစေရန် မောဟမှိုင်းတိုက်နေကြသည်။ လူမျိုးတစ်မျိုး၏ ရေသောက်မြစ်သဖွယ်ဖြစ်သော ယဉ်ကျေးမှုကို ပျက်စီးအောင်လည်း ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလျက်ရှိကြသည်။

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလတွင် နှစ်ဟောင်းမှ မကောင်းမှုများနှင့် စိတ်နှလုံး၏ အညစ်အကြေးတို့ကို အတာရေနှင့်အတူ ဆေးကြောသန့်စင်နိုင်ကြပါစေကြောင်းနှင့် ဗုဒ္ဓဝါဒ၏ အနှစ်သာရဖြစ်သော “သဗ္ဗ ပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊ သစိတ္တ ပရိယော ဒါပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ” ဟူသော တရားပါဠိတော်နှင့်အညီ မကောင်းမှုတို့ကို ရှောင်ရှား၍ ကောင်းမှုဟူသမျှ ပြုကြကာ စိတ်နှလုံးဖြူစင်သန့်ရှင်းအောင် မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment