Thursday, April 13, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်ဖွင့်လှစ်ပေးပြီး အတာရေသဘင်ပွဲ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

နေပြည်တော် ဧပြီ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့ရှိ အဆိုပါမဏ္ဍပ်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်ပေးပြီး အတာရေသဘင်ပွဲကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲသည်။


















အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ကြီးဌာနများ၊ ခရိုင်နှင့် မြို့နယ်များမှသင်္ကြန်ယိမ်းအဖွဲ့များ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်္ကြန်ကိုချစ်မြတ်နိုးကြသည့် ပြည်သူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းက ၁၃၈၄ ခုနှစ် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်ပွဲတော် နှစ်သစ်မင်္ဂလာပိုဒ်စုံရတုကို ဖတ်ကြားပြီး နေပြည်တော်မြို့တော်ဝန် ဦးတင်ဦးလွင်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့ တော်ဝန် ဦးတင်ဦးလွင်တို့က နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် သင်္ကြန်ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့်စုပေါင်းသီဆိုကပြဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်မြို့တော်ဝန်နှင့်ဇနီးနှင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များကို သပြေခက်ဖြင့် အတာသင်္ကြန်ရေပက်ဖျန်းပေးကြသည်။

ထို့နောက် တေးသံရှင်များ၊ အနုပညာရှင်များနှင့် သင်္ကြန်ယိမ်းအဖွဲ့များက တူးပို့တူးပို့၊ ရွှေမန်းမာလာ၊ ရွှင်လန်းချမ်းမြေ့ပါစေ သီချင်းတို့ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် နိုင်ငံကျော်တေးသံရှင်များ၊ အနုပညာရှင်များကို ဂုဏ်ပြုသစ်သီးခြင်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဂီတပညာရှင်များကို  ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်တွင် မြန်မာအသံခေတ်ပေါ်တေးဂီနှင့်တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များနှင့် တေးသံရှင်များ၊ ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်တင်ဆက်သွားကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများအတွက် ဖျော်ဖြေရေးအစီအစဉ်နှင့် ရေပက်က စားခြင်းတို့ကို နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီ အထိလည်းကောင်း၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိလည်းကောင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

နေပြည်တော်၌ မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အပြင် နေပြည်တော် လမ်းလျှောက်သင်္ကြန်နှင့် ရေပန်းဥယျာဉ်တို့တွင်လည်း သင်္ကြန်ပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ပြည်သူများ အေးချမ်းပျော်ရွှင်စွာ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေပက်ကစားနိုင်ရေး တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် စတုဒီသာမဏ္ဍပ်များ၌ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် နေပြည်တော်လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် နေပြည်တော်မြို့တော်ဝန် ဦးတင် ဦးလွင်တို့က နေပြည်တော်လမ်းလျှောက်သင်္ကြန် မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေး ကြသည်။

ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု ယိမ်းအလှသမီးပျိုများက တယောပညာရှင် ဂျူးဂျူးကေ၏ သင်္ကြန်မိုး တေးသီချင်းဖြင့် တီးခတ်မှုနှင့်အတူ သံပြိုင်ညီညာကပြသီဆိုဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ နေပြည်တော်မြို့တော်ဝန်နှင့်ဇနီးတို့က သင်္ကြန်ယိမ်းအကအဖွဲ့များ၊ အနုပညာရှင်များကိုသပြေခက်ဖြင့် အတာသင်္ကြန်ရေပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သနပ်ခါးသင်္ကြန်ဇုန်အတွင်း ရေပက်ကစားနေမှု၊ တိုင်းရင်းသားသင်္ကြန်ဇုန်အတွင်း တိုင်းရင်းသားမောင်မယ်များရေပက်ကစားနေမှု၊ နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်တွင် အနုပညာရှင်များနှင့် သင်္ကြန်ယိမ်းအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်နေမှု၊ လူငယ်သင်္ကြန်ဇုန်အတွင်း ရောင်စုံသင်္ကြန်ဆင်နွဲရန်ပြင်ဆင်ထားမှု၊ ခေတ် ၄ ခေတ် သင်္ကြန်ပွဲဆင်နွဲမှုများကို အလှပြယဉ်များဖြင့် သရုပ်ဖော်မှု၊   လူငယ်များအတွက် Games Show များကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ  တစ်ခဲနက်အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။

ယခုနှစ် အတာသင်္ကြန်ပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများအချင်းချင်း၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအချင်းချင်းချစ်ကြည် ရင်နှီးစွာဖြင့် ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်အကြိုနေ့မှ စတင်ကာ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန်(၄) ဇုန်သတ်မှတ်ကာ ခေတ်နှင့်အညီ ထည့်သွင်းကျင်းပလျက်ရှိသည်။

ဇုန်(၁)တွင် သနပ်ခါးသင်္ကြန်၊  ဇုန်(၂)တွင် တိုင်းရင်း သားသင်္ကြန်၊ ဇုန်(၃)တွင် မြန်မာမှုမပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီအလှပြဖျော်ဖြေရေး အစီအစဉ်များနှင့် ဇုန်(၄)တွင် လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များကို ထည့်သွင်းကျင်းပ ပေးလျက်ရှိကြောင်းနှင့် ယခုနှစ် မဟာအတာသင်္ကြန်ပွဲတော်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပြည်သူများ ယဉ်ကျေးသိမ်မွေ့စွာရေပက်ကစား၍ အေးချမ်းပျော်ရွှင်စွာ ပါဝင် ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment