Tuesday, April 18, 2023

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ၏ နှစ်သစ်ကူးမင်္ဂလာစကား

 


ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တုတေ။ အလုံးစုံသော မင်္ဂလာ အပေါင်းသည် အသင်သူတော် ကောင်းတို့အား ဖြစ်ပါစေသတည်း။ အလုံးစုံသော နတ်မြတ်နတ်ကောင်း နတ် အပေါင်းတို့်သည် အသင် သူတော်ကောင်းတို့အား ကောင်းစွာစောင့်ရှောက်ကြပါစေကုန်သတည်း။ အလုံးစုံသော မြတ်စွာဘုရားရှင်အပေါင်းတို့၏ တန်ခိုးတေဇောအာနုဘော်ကြောင့်လည်းကောင်း၊ အလုံးစုံသော တရားတော်မြတ်အပေါင်းတို့၏ တန်ခိုးတေဇောအာနုဘော်ကြောင့်လည်းကောင်း၊ အလုံးစုံသော သံဃာတော်မြတ်အပေါင်းတို့၏ တန်ခိုးတေဇောအာနုဘော်ကြောင့်လည်းကောင်း၊ အသင်သူတော်ကောင်းတို့အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းရှိကြကုန်သည် ဖြစ်ကြပါစေကုန်သတည်း။

ဤသည်ကား လိုလားသောဆုကိုပေးခြင်းသဘောသာတည်း။ စင်စစ်သော်ကား ဗုဒ္ဓသာသနာဟူသည် မြတ်စွာဘုရားရှင်၏ အဆုံးအမတော်သာတည်း။ ဗုဒ္ဓသာသနာအဆုံးအမစကားတော်အားဖြင့်ကား အသင်သူတော်ကောင်းတို့အား အလုံးစုံသော မင်္ဂလာအပေါင်းသည်ဖြစ်စေရန် အသင်တို့သည် ကောင်းမြတ်သောကုသိုလ် အကျင့်တရားတို့ကို ကျင့်ကြံအားထုတ်၍ နေထိုင်ကြပါလေ။ အသင်သူတော်ကောင်းတို့အား အလုံးစုံသော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့သည် ကောင်းစွာ စောင့်ရှောက်ကြစေရန် အသင်တို့သည် ကောင်းမြတ်သော ကုသိုလ်အကျင့်တရားတို့ကို ကျင့်ကြံအားထုတ်၍ နေကြပါလေ။

အလုံးစုံသော မြတ်စွာဘုရားရှင်အပေါင်းတို့ကို ကြည်ညိုကြကုန်သော အသင်သူတော်ကောင်းတို့၏ တန်ခိုးတေဇောအာနုဘော်ကြောင့်လည်းကောင်း၊ အလုံးစုံသော တရားတော်မြတ်အပေါင်းတို့ကို ကြည်ညိုကြကုန်သော အသင်သူတော်ကောင်းတို့၏ တန်ခိုးတေဇောအာနုဘော်ကြောင့် လည်းကောင်း၊ အလုံးစုံသော သံဃာတော်မြတ်အပေါင်းတို့ကို ကြည်ညိုကြကုန်သော အသင်သူတော်ကောင်းတို့၏ တန်ခိုးတေဇောအာနုဘော်ကြောင့်လည်းကောင်း၊ အသင်သူတော်ကောင်းတို့အား အခါခပ်သိမ်း ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းတို့ရရှိကြစေရန် (အသင်တို့သည် ကောင်းမြတ်သောကုသိုလ်အကျင့်တရား တို့ကို) ကျင့်ကြံအားထုတ်၍နေကြပါလေ။ ဤသို့လျှင် မြတ်စွာဘုရားအရှင်သည် သတ္တဝါအပေါင်းတို့အား လိုလားသောဆုကိုပေးခြင်းသည်သာမက ကိုယ်တိုင်ကျင့်ကြံအားထုတ်သောအားဖြင့် ကောင်းကျိုး ချမ်းသာတို့ကို ကိုယ်တိုင်ရရှိခံစားနိုင်ကြစေရန် အဆုံးအမသာသနာတော်မြတ်တို့ကို သွန်သင်ဆုံးမတော် မူခဲ့ပါသည်။

ထို့ကြောင့် အသင်သူတော်ကောင်းတို့နှင့် အကျွန်ုပ်တို့သည် နှစ်သစ်ကူး အခါသမယမှ အစပြု၍ နောင်ကာလ နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးတို့ကို ကြည်ညိုကြကုန်လျက် မိမိတို့ကိုယ်တိုင် ကောင်းမြတ်သော ကုသိုလ်အကျင့်တရားတို့ကို ကျင့်ကြံ အားထုတ်ကြသောအားဖြင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းရှိကြကုန်လျက် မိမိကောင်းကျိုးအများ ကောင်းကျိုး သာသနာတော်ကောင်းကျိုး တိုင်းပြည်ကောင်းကျိုးတို့ကို ဆောင်ရွက်နိုင်ကြသောသူတော် ကောင်းတို့သည် ဖြစ်ကြလေကုန်ရာသတည်း။

No comments:

Post a Comment