Tuesday, April 18, 2023

၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

 



ရန်ကုန် ဧပြီ ၁၇

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဟောင်း ကုန်လွန်၍ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရား၊ စေတီများ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်၊၊

ရွှေတိဂုံစေတီတော်

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့ ဩဝါဒါစရိယ ဆရာတော် ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင် သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊

ဦးစွာ ရွှေတိဂုံဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေး ဝတ်အသင်းအဖွဲ့ဝင်များ၊ ဂေါပကရုံး ဝန်ထမ်းများက ဧည့်ခံတန်ဆောင်း၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်၊၊

ထို့နောက် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် စောင့်ရှောက်ရေး သံဃာတော်များအား စေတီတော်ရှိ အဖျောက်တန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များက အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်၊၊

ယင်းနောက် ရွှေတိဂုံစေတီတော် နှစ်သစ်မင်္ဂလာ အခါတော်နေ့ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းနှင့် ရေစက်ချပွဲအခမ်းအနားကို စေတီတော် ရင်ပြင်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ မဟာဝိသုဒ္ဒါရုံတိုက်သစ် ဦးစီးပဓာန နာယက တိပိဋကဓရ တိပိဋကဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ (ယောဆရာတော်) ဘဒ္ဒန္တသီရိန္နာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်း အဖွဲ့များက နဝင်္ဂသီလ ခံယူဆောက်တည် ကြသည်၊၊

ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိဦးမင်းလွင်က အဖွင့်မင်္ဂလာစကား လျှောက်ထားသည်၊၊

ထို့နောက် ဩဝါဒါစရိယဆရာတော် ကြီးများထံမှ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်၊၊

ယင်းနောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ တိပိဋကဓရ ပါဠိပါရဂူ ရွှေပြည်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကာ ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်၊၊

မဟာဝိဇယစေတီတော်

ထို့ပြင် မဟာဝိဇယစေတီတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံးစံပယ်လျက် ရှိသည့် မုစလိန္ဒနဂါးမျိုးနွယ် ကိုးကောင် တို့က ဆင်းတုတော်အား အသွယ်သွယ် ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထားသော နာဂစိဝရာ ပဋပဋိမာမြတ်စွာဘုရား ဆင်းတုတော်မြတ်ကို ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ဘာဏုရာဇာ နေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင်တစ်ရက်၊ ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် ပူဇော်မှုကို ဘုရားဖူးလာ ပြည်သူများက လာရောက်ဖူးမြော် ကြည်ညိုနေသည်မှာ စည်ကားလျက်ရှိပြီး မဟာဝိဇယစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် လသာမြို့နယ် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မဟာဝိဇယစေတီတော် လိပ်ကန်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးလုပ်ငန်းဦးစီးဌာနက သတ်မှတ်ထားသည့် ငါးအကောင်ရေ ငါးသောင်းကို လွှတ်ပေးကြသည်၊၊

ရွှေဘုန်းပွင့်စေတီတော်

အလားတူ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်မြေတွင် တည်ထား ကိုးကွယ်လျက်ရှိသော ဆဋ္ဌသင်္ဂါယနာ သာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာ အေးစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက် နေ့ နှစ်သစ်မင်္ဂလာအခမ်းအနား၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၊ ဆူးလေစေတီတော်၊ ဝရဒါဋ္ဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော် (ရန်ကုန်)၊ ရွှေဘုန်းပွင့်စေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီး ဘုရားတို့၌ မြန်မာနှစ်ဆန်း (၁) ရက်နေ့ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူခြင်းအခမ်းအနားတို့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပကြပြီး ဘုရားဖူးလာ ပြည်သူများအားစေတနာရှင် အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်းကြသည်၊၊

ယနေ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ ရပ်ကွက်များတွင် လမ်းအလိုက် ဆရာ တော် သံဃာတော်များပင့်ဖိတ်၍ နှစ်သစ် မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ကြ ပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် အားလျော်စွာ ဘုရား၊ ကျောင်းကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ ဇီဝိတဒါန ဘေးမဲ့လွှတ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြပြီး ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်းညှပ်ပေးခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အစရှိသည့် ကုသိုလ်ကောင်းမှု အလှူဒါနအစုစုတို့ ကျင်းပ ကြသည်ကို မြန်မာပြည်အနှံ့ ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်မှာ ကောင်းမြတ်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာများကို နောင်လာနောက်သားမျိုးဆက်များ ထိန်းသိမ်းနိုင်ကြစေရန် လက်ဆင့်ကမ်း အမွေအနှစ်ပုံရိပ်ကောင်းများပင် ဖြစ်ပေတော့သည်၊၊

ဇော်မင်းလတ်၊ ဓာတ်ပုံ-ကိုကိုဇော်

No comments:

Post a Comment