Tuesday, April 18, 2023

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၅)ကြိမ်မြောက် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲမင်္ဂလာ ကျင်းပ

 


နေပြည်တော် ဧပြီ ၁၇

(၁၅) ကြိမ်မြောက် နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၆ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော်လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြသည်။

ပရိတ်တရားတော်များ နာယူကြည်ညို

အခမ်းအနားတွင် ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ နေပြည် တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများ၊ ဧည့်သည်တော်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများရွတ်ပွား သရဇ္စျာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ် ပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို နာယူကြည်ညို ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး ကိုးပါးအားပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော်များကို တစ်ပါးလျှင် ၄၅ ဆူ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ရေစက်သွန်းလောင်း အမျှပေးဝေ

ထို့နောက် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ ကျောင်းတိုက် ပဓာနနာယက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တပဏ္ဍိတ မဟာထေရ်မြတ် ကြီးထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

စုပေါင်းငါးလွှတ်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နှင့် ဇနီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နံနက် ၈ နာရီ ၁၀ မိနစ်တွင် ကျင်းပသည့် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဆည်အတွင်း ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲသို့သွားရောက်၍ ဆည်ရေပြင်အတွင်း ရွှေဝါငါးကြင်းအကောင်ရေ ခြောက်သောင်းနှစ်ထောင်၊ ငါးမြစ်ချင်းအကောင်ရေတစ်သောင်း စုစုပေါင်းငါးအကောင်ရေ ခုနစ်သောင်းနှစ်ထောင်တို့ကို ဇီဝိတဒါနအဖြစ် ကုသိုလ်ပြုလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment