Thursday, April 20, 2023

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 



ဟားခါး ဧပြီ ၂၀

ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရေးနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယမန်နေ့ ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ပြည်နယ်အတွင်းစားရေရိက္ခာဖူလုံနိုင်ရန် နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပပြုလုပ်သည့်အစည်း အဝေးဖြစ်ပြီး ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ဆွေးနွေးတင်ပြစေလိုကြောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော်မှုစီမံကြီးကြပ်မှုကော်မတီအနေဖြင့် အထက်မှညွှန်ကြားချက်များကို ခရိုင်၊ မြို့နယ်ကော်မတီများသို့ အသိပေးချပြ၍ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ မြို့နယ် အဆင့်သည် အဓိကလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရမည့်အဖွဲ့ဖြစ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် စားသုံးဆီဖူလုံနိုင်ရေးသည် အဓိကအခန်းကဏ္ဍဖြစ်သဖြင့် နေကြာနှင့် အခြား ဆီထွက်သီးနှံများ စိုက်ပျိုးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှခွဲဝေချပေးထားသည့် ဘဏ္ဍာငွေများ ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းအမျိုးအစားအလိုက် လုပ်ငန်းပမာဏ၊ အခြားဖြည့်စွက်ဆောင်ရွက်ပေးသည့်လုပ်ငန်းများ၊ ပြည်သူများအတွက် အမှန်တကယ်အကျိုးပြုမှု အခြေအနေများကို ဖော်ပြပေးရန်လိုကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် အားလုံးက ဝိုင်းဝန်း ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမျူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က ချင်းပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အကြုံပြု ဆွေးနွေးပြောကြားသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပြည်နယ်စက်မှု လက်မှုလယ်ယာဦးစီးဌာနနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာန အလိုက် စားရေရိက္ခာဖူလုံးရေး ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် နိုင်ငံတော်မှ ခွဲဝေခွင့်ပြုသည့် ဘဏ္ဍာငွေများဖြင့် ဆောင်ရွက်သည့် လုပ်ငန်းပမာဏ၊ အခြားဖြည့်စွက်ဆောင်ရွက်ပေးသည့်လုပ်ငန်း များနှင့် အကျိုးပြုမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၏ တင်ပြချက်များအပေါ် ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်တို့က အကြုံပြု ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

No comments:

Post a Comment