Thursday, April 20, 2023

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည် ထောက်ပံ့ငွေနှင့် စပ်လျဉ်း၍ဘဏ္ဍာရေးစည်မျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဧပြီ ၂၀

နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေများကို  ဒေသအလိုက် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုတိုးတက်ရေး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးနှင့် ကိုဗစ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် ပြည်သူလူထု၏လူမှုစီးပွားဘဝနှင့် နိုင်ငံတော်နှင့်တိုင်းဒေသကြီး၏ စီးပွားရေးအခြေအနေအား ပြန်လည်မြှင့်တင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအားသုံးစွဲခြင်းဖြင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်စေရန်နှင့် နိုင်ငံ့စီးပွားရေးအခြေအနေတိုးတက်စေရန် အားသွန်ခွန်စိုက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စီမံကိန်းကြီးကြပ်မှုကော်မတီများဖွဲ့စည်းပြီး သက်ဆိုင်ရာဌာနများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအား သိရှိနားလည်စေရန် အထူးအလေးထားဂရုပြု ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများအား ထုတ်ယူသုံးစွဲရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေထုတ်ခြင်းဆိုင်ရာ အထွေထွေကိစ္စရပ်များ၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီအတွင်းဆောင်ရွက်သွားမည့် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးစည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ သိရှိလိုသည်များအား အသီးသီးမေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လွင်က မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)

No comments:

Post a Comment