Thursday, April 20, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့်ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် ဧပြီ ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်အဆင့်ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အစုလိုက် ခွေးကိုက်ခံရမှုဖြစ်စဉ်များတွင် လူနာများနှင့် ထိတွေ့ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တိ/မွေးကုဝန်ထမ်းများ၊ လူနာ၏မိသားစုဝင်များနှင့် ခွေးရှင်းလင်းရေးလုပ်ငန်းတွင် ပါဝင်ခဲ့ကြသော စည်ပင်ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကြိုတင်ကာကွယ်ဆေး (Pre-Exposure Prophylaxis) ထိုးနှံပေးခြင်း လုပ်ငန်းများအားလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏တောင်းခံမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ခွေးရူးပြန် ရောဂါတုံ့ပြန်ကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းကို အစဉ်အမြဲသွားလာလှုပ်ရှားနေရသော စာသင်တိုက်မှ ရဟန်းသံဃာများ၊ ဆွမ်းခံထွက်နေရသော ရဟန်းသံဃာများ၊ သီလရှင်များ၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တိမွေး/ကု ဝန်ထမ်းများ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရဲဝန်ထမ်းများ၊ မီးသတ်ဝန်ထမ်းများ၊ စာပို့ဝန်ထမ်းများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်း (PEP - Pre Exposure Prophylaxis) Intra Muscular Regimen (Day 0,7) အနေဖြင့် (၂)ကြိမ် ထိုးနှံနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခဲ့သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ ရဟန်းရှင်လူပြည်သူများအတွက် များစွာအကျိုးရှိနိုင်ပြီး၊ ခွေးရူးရောဂါပပျောက်ရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ပါမှ ထိရောက်နိုင်မည်ဖြစ်သောကြောင့် သက်ဆိုင်ရာဌာနများမှလည်း ခွေးများအားအစုလိုက်ကာကွယ်ဆေးထိုးနှံခြင်း၊ ခွေးလေခွေးလွင့်ရှင်းလင်းခြင်း၊ ပြည်သူလူထု အား အသိပညာပေးခြင်းလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒာဝင်းမှ ခွေးရူးပြန်ရောဂါ တုံ့ပြန်ကာကွယ်ရေးအတွက် ကာကွယ်ဆေးကြိုတင်ထိုးနှံခြင်းနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ခွေးရူးပြန် ကာကွယ်ဆေးထိုးနှံနေမှုများအား လှည့်လည်ကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

စည်သူ

No comments:

Post a Comment