Saturday, April 15, 2023

သင်္ကြန်အကျနေ့ နေပြည်တော်လမ်းလျှောက်သင်္ကြန် တိုးမပေါက်အောင်စည်ကား

 

နေပြည်တော် ဧပြီ ၁၄

နိုင်ငံတစ်ဝန်း အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေကြသည့် မဟာသင်္ကြန် အတာရေသဘင်ပွဲတော်သည် ယနေ့ဆိုလျှင် သင်္ကြန်အကျနေ့သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ပူပြင်းလှသည့် နွေနေပူတွင် ကျင်းပရသည့် ပွဲတော်ဖြစ်သော်လည်း အတာရေချမ်းကြောင့် ပြည်သူတို့၏ ကိုယ်စိတ်နှလုံးအား အေးချမ်းစေခဲ့လေပြီ။


မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင်လည်း ပြည်သူများ ကိုယ်စိတ်နှလုံး ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် မဟာသင်္ကြန် အတာရေသဘင်ပွဲကို ခမ်းခမ်းနားနားစည်ကား သိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိသည်။

ကျက်သရေမင်္ဂလာ အပေါင်းနှင့်ပြည့်စုံသည့် မြန်မာနှစ်သစ်တစ်နှစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် မကြာသောအချိန်ကာလမတိုင်ခင် ပြည်သူတို့သည်နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေ ဖြင့်ဆေးကြောရင်း နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိကြသည်။

နေပြည်တော် လမ်းလျှောက် သင်္ကြန်အတွင်းသို့ ဝင်လိုက်သည်နှင့် ဝန်ကြီးဌာနများ၏ မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ်များက ဆီး၍ကြိုဆိုနေကြသည်။

အဆိုပါ မဏ္ဍပ်များတွင် နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များက DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများကို သီဆိုဖျော်ဖြေကြသည့်အပြင် ဝန်ကြီးဌာနများမှ သင်္ကြန် ယိမ်းအဖွဲ့များကလည်း သင်္ကြန်တေးသီချင်းများဖြင့် ညီညီညာညာ ယိမ်းနွဲ့ကပြဖျော်ဖြေပေး လျက်ရှိကြသည်။ မဏ္ဍပ်များက ပက်ဖျန်းလိုက်သည့် အတာရေအကြားတွင် ပြည်သူများက သီချင်းသံစဉ် စည်းချက်များနှင့် အညီလိုက်ပါယိမ်းနွဲ့၍ ကခုန်ပျော်ရွှင်ကြသည်။

ထို့ပြင် စတုဒိသာမဏ္ဍပ်များက ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာ အစားအစာများကိုလည်း အားပါးတရ နှစ်ခြိုက်စွာသုံးဆောင်နေကြသည့် မြင်ကွင်းကလည်း မြန်မာတို့၏ ချစ်စရာ ဓလေ့ကိုမြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်း ပြည်သူများရေကစားနေစဉ် ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အရေးပေါ်ကုသစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနကုသရေးဦးစီးဌာနမှဆေးခန်းများကိုလည်း ဖွင့်လှစ်ထားသည်။

သနပ်ခါးဇုန်တွင်လည်း မြန်မာ့ရိုးရာသနပ်ခါးကို တိုင်းရင်းသား လူမျိုးပေါင်းစုံနှစ်ခြိုက်စွာ လိမ်းခြယ်၍ တစ်ဦးနှင့် တစ်ဦးပျော်ရွှင်စွာ နောက်ပြောင်နေကြသည့် ချစ်စရာဓလေ့တစ်ခုက လည်းပြည်သူအကြိုက်ဖြစ်ခဲ့သည်။

ထို့အတူ တိုင်းရင်းသားသင်္ကြန်ဇုန်ရှိ ဖျော်ဖြေရေးအစီ အစဉ်များ၌ ပြည်သူများပါဝင် ဆင်နွှဲနိုင်သည့်အပြင် တိုင်းရင်း လူမျိုးပေါင်းစုံနှင့်အတူ ရေပက်ကစားနိုင်ရန် စီစဉ်ထားရှိသည်။

လမ်းလျှောက် သင်္ကြန်တွင် ထူးခြားဆန်းသစ်သည့် အစီအစဉ်တစ်ခုအဖြစ် ခေတ်လေးခေတ် သင်္ကြန်ပွဲဆင်နွှဲခဲ့မှုများကို အလှပြယာဉ်များဖြင့် သရုပ်ဖော်ပြသမှုသည် မြန်မာ့ရိုးရာအတာသင်္ကြန၏ သမိုင်းကြောင်းကို လေ့လာမြင်တွေ့ခွင့်ရရှိနိုင်သလို အသိအမြင် ဗဟုသုတများစွာလည်း တိုးပွားစေခဲ့သည်။

နေပြည်တော် လမ်းလျှောက် သင်္ကြန်အတွင်း ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက်  တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြော ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ လာရောက် ပါဝင်ဆင်နွှဲကြသည့် ပြည်သူ ၁၅၀၀၀ ကျော် ရှိကြောင်း သိရသည်။

လုလင်ငယ်

ဓာတ်ပုံ - ကိုကြီးကျော်

No comments:

Post a Comment