နေပြည်တော် ဧပြီ ၂၁
တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးမြင့်သီးနှံများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး အတွက် ရာသီအလိုက် ရေမြေဒေသအလိုက် အရည်အသွေး ပိုမိုကောင်းမွန်သော မျိုးစေ့ပျိုးပင်များ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးမှုစနစ်ဆိုင်ရာ အသုံးချသုတေသနများ ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင်လုပ်ကိုင် လာစေရေး အသိပညာပေးစည်းရုံး ဆောင်ရွက်ကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယမန်နေ့တွင်မကွေးမြို့ရှိ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ဒေသသုတေသနဗဟိုခြံ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒေသသုတေသနဗဟိုခြံ၏ သီးနှံသုတေသန၊ ထုတ်လုပ်မှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သီးနှံဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တောင်သူများအတွက် ဝင်ငွေအကျိုး အမြတ်ပိုမိုရရှိစေမည့် ဒေသရေမြေနှင့်ကိုက်ညီသော ဆီထွက်သီးနှံမျိုးသန့်မျိုးစေ့များနှင့် တန်ဖိုးမြင့် သီးနှံမျိုးများ တိုးချဲ့ထုတ်လုပ်ရန်၊ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းနိုင်မည့် စိုက်ပျိုးနည်းစနစ်များ၊ သီးနှံပုံစံများ၊ ဒေသတွင်းစိုက်ပျိုးရေးဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်မည့်နည်းလမ်းများ ဖော်ထုတ်၍ စိုက်ပျိုးသူလက်ဝယ်သို့ရောက်ရှိရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ ဆွေးနွေးမှာကြား သည်။
ဆွေးနွေးမှာကြား
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဈေးကွက် လိုအပ်ချက်ရှိနေသည့် အသားကဏ္ဍတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
အလားတူ မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးမှူးရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်မှု လယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်း ဌာနများအားလုံး ပေါင်းစည်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment