Sunday, April 16, 2023

ရွာသာကြီး - သဲဖြူကုန်း ခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထား ကျောက်ရထားကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်

 

နေပြည်တော် ဧပြီ ၁၅

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူအများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်းထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေ ချောမွေ့စွာစီးဆင်းနိုင်ရေး စသည့်ရည်မှန်းချက် တာဝန်များချမှတ်၍ ရထားကွန်ရက်ကြီးတစ်ခုလုံး တွင် အမြန်လူစီးရထားခရီးစဉ် ၁၈ စင်း၊ စာပို့ရထား ခရီးစဉ် ၁၂ စင်း၊ လူစီးကုန်တင်ရထားခရီးစဉ် ရှစ်စင်း တို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် အစင်း ၃၀ စုစုပေါင်း ရထားခရီးစဉ် ၆၈ စင်းတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက် ရှိသကဲ့သို့ ရထားလမ်းပိုင်းများကြံ့ခိုင်ရေးနှင့် အဆင့် မြှင့်တင်နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာရထားခရီးစဉ်များဖြင့်လည်း သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။

သံလမ်းထိန်း လေးပေခန့် ပြတ်ထွက်

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ ရွာသာကြီး - သဲဖြူကုန်း ခရီးစဉ် ပြေးဆွဲနေသော အမှတ်(၆၈၈-A) အဆန် ရထားသည် မြန်မာ့မီးရထားပိုင် လမ်းခင်းကျောက်များ တင်ဆောင်ရန် ထွက်ခွာလာစဉ် သထုံမြို့နယ် သထုံဘူတာနှင့် ရင်းငြိမ်ဘူတာအကြား တံတားအမှတ် (၉၃)ကားလမ်းကူး မိုင်တိုင်အမှတ်၊ ၁၄၁/၁၅-၁၄ သို့ ဧပြီ ၁၄ မွန်းလွဲ ၁ နာရီတွင် ဖြတ်သန်းမောင်းနှင်စဉ် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်း DF-2053 ၏ Cab-1 စက်ခေါင်းမောင်း ရှေ့လေကာမှန် ကွဲအက်သွားပြီး ရထားလမ်းအနောက်ဘက်သံလမ်း တစ်ပေခွဲခန့်နှင့် အရန်အတွင်း သံလမ်းထိန်း လေးပေ ခန့် ပြတ်ထွက်ခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ မိုင်းထောင်းထားသည့် ရည်ရွယ်ချက်မှာ သံလမ်း ပြတ်ထွက်၍ ရထားတိမ်းမှောက်ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့စေရန်ဖြစ်သည်။ အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် သထုံ-ရင်းငြိမ်လမ်းပိုင်းကို မွန်းလွဲ ၁ နာရီ ၃၁ မိနစ်တွင် ပိတ်ထားခဲ့ရသဖြင့် လူစီးရထားတစ်စင်းမှာ တစ်နာရီခွဲခန့်၊ အမှတ် (၆၈၄) အဆန် တွဲလွတ်ကျောက်ရထားမှာ ၅၅ နာရီခန့် နောက်ကျခဲ့ရပြီး သံလမ်းကို ပြန်လည်ပြုပြင်ခဲ့ရာ ညနေ ၄ နာရီ ၃၆ မိနစ်မှစ၍ရထားများ ပုံမှန်ပြန်လည်ပြေးဆွဲ ပေးနေပြီဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန် - ပဲခူး - မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများကို ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု ခြောက်ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု လေးကြိမ်၊ လက်လုပ်မိုင်း ပေါက်ကွဲ/တွေ့ရှိမှု ခြောက်ကြိမ် စုစုပေါင်း ၁၆ ကြိမ် နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း တစ်ကြိမ်တို့ကို ကျူးလွန်ခဲ့ကြသည်။

ထို့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ရက် တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း ၁၁၂ ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း ၃၇ ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်ဆီးခြင်း ၁၁ ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် အဓိကအားထားနေရသည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များပြေးဆွဲမှု နှောင့်နှေး ကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေးအတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ် ပိုမိုကြံ့ခိုင် တောင့်တင်းလာအောင် စီစဉ်ဆောင်ရွက်နေသည့် ဌာနပိုင်လမ်းခင်းကျောက်သယ်ဆောင်သည့် ရထားခရီးစဉ်များကိုပါ ယုတ်မာရက်စက်စွာ အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှု ကျူးလွန်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား ဒေသခံ ပြည်သူတစ်ရပ်လုံးက စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရသည်။         

သတင်းစဉ်

No comments:

Post a Comment