Saturday, April 1, 2023

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မုဒုံမြို့နယ် နွေစပါးစံပြ စိုက်ကွက်အား ကြည့်ရှုစစ်ဆေးပြီး “လိုရာပြည့်စုံ ကမ္ဘာလုံးစေတီတော်မြတ်ကြီး” နဝရတ်ကိုးပါး အုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနား တက်ရောက်

 မုဒုံ  ဧပြီ  ၁

မွန်ပြည်နယ်  မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ နွေစပါးစံပြ စိုက်ပျိုးရေးစိုက်ကွက်၊ ကွင်း အမှတ် -၈၄၃  တောင်သူ ဦးဘသိန်း၏ လယ် ၂ ဧက အတွင်း စိုက်ပျိုးထားရှိသော ဆင်းသုခ စပါးစိုက်ခင်း၌ ရွှေဇီဝဓါတ်မြေဩဇာအသုံးပြုမှု အခြေအနေများကို  ယနေ့နံနက် ၈ ခွဲက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

နွေစပါးစံ ပြစိုက်ပျိုးရေးစိုက်ကွက်အတွင်း စပါးအထွက်နှုန်း ယှဉ်ပြိုင်စိုက်ပျိုးထားသော သဘာဝဓာတ်မြေဩဇာအသုံးပြုမှုနှင့် ရွှေဇီဝဓါတ်မြေဩဇာ အသုံးပြုခြင်းတို့၏ စပါးအထွက်နှုန်း ကွာဟမှု၊ ကုန်ကျမှုစရိတ် သက်သာမှုတို့အား ပြည်နယ်ဝန်ကြီးချုပ်က မေးမြန်းရာ မွန်ပြည်နယ် ရွှေဇီဝဓါတ်မြေဩဇာ တာဝန်ခံ ဒုညွှန်မှူး ဒေါက်တာခင် ဆွေအေးမှ ရွှေဇီဝဓါတ်မြေဩဇာအသုံးပြုခြင်းဖြင့် ရရှိလာသည့် အထွက်နှုန်း ကောင်းမွန်မှု အားလည်ကောင်း၊ မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ထွက်ရှိလာသော သီးနှံများ ဓာတုဗေဒဆေးသုံးစွဲမှု လျှောချနိုင်ပြီး ဘေးကင်းစိတ်ချရသော လယ်ယာထွက်ကုန်များရရှိနိုင်ရန် ၊ဓာတ်မြေဩဇာ စျေးကြီးမြင့်မှုမှ ရှောင်လွဲနိုင်ပြီး ကုန်ကျစရိတ် သက်သာစေ၍ တစ်ဧက အကျိုးအမြတ် အများဆုံးရရှိနိုင်ရန်၊ ရေရှည်တည်တံ့နိုင်ပြီး အထွက်နှုန်း တိုးတက်ကောင်းမွန်သော စိုက်ပျိုးမြေအဖြစ် ပြောင်းလဲနိုင်ရန် ၊ စားသုံးမှုအရည်အသွေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်(GAP-Product) များ ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ အသုံးပြုခြင်းဖြစ်ကြောင်း ၊ပုံမှန်သုံးစွဲလျက်ရှိသည့် သဘာဝဓာတ်မြေဩဇာနှင့် ရွှေဇီဝဓာတ်မြေသြဇာ အသုံးပြုခြင်းတို့၏ စပါးအထွက်နှုန်း၊ ကုန်ကျမှုစရိတ်တို့ကို  နှိုင်းယှဉ်၍ တိုးတက်လာမှု အခြေအနေများအား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်  ပြည်နယ်ဝန် ကြီးချုပ်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများထံ ရွှေဇီဝဓါတ်မြေဩဇာများ ပေးအပ်ကာ  စံပြစိုက်ကွက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ရှမ်းရွာရပ်ရှိ အောင်တော်မူကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တသီလဝန္တ၊  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဦးမျိုးမင်းဦးတို့မှ ဦးစီးဦးဆောင်၍ (၇)ရက် သားသမီး ဒါယိကာ/ဒါယိကာမများ၏ ကောင်းမှုတော်ဖြင့် အသစ်တည် ထားကိုးကွယ်ပူဇော်မည့် “လိုရာပြည့်စုံ ကမ္ဘာလုံး စေတီတော်မြတ်ကြီး” နဝရတ်  ကိုးပါးအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားသို့တက်ရောက်ရှိရာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ကမာဝက်မြို့  ခြ‌င်္သေ့ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒကုမာရထံမှ ကိုးပါးသီလခံယူဆောက် တည်ခဲ့သည်။ ယင်းနောက် ပင့်သံဃာ ဆရာတော် အရှင်သူမြတ်များထံ နဝရတ်ကိုး ပါးနှင့် ပရိတ်ရည် ၊ နံ့သာရည်များ ဆက်ကပ်ပြီး ဆရာတော် / သံဃာတော် အရှင်သူ မြတ်များထံမှ မေတ္တာသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ် ပေးခဲ့ပြီး  ခြ‌င်္သေ့ကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒကုမာရ မှ ဩဝါဒစကား မြွတ်ကြားခဲ့ သည်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဆရာတော်/ သံဃာတော်တို့အား လှူဖွယ်ဝတ္တူပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ စေတီတည်ထားရခြင်းနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာများ တင်ပြလျှောက်ထားခဲ့ပြီး လှူဒါန်းမှုအစုစုတို့အား အောင်တော်မူကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တသီလဝန္တက ရေစက်သွန်းချအမျှပေးဝေခဲ့ရာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍  ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့တို့မှ အုတ်မြစ်တော်စီရန် နဝရတ်ကိုးပါး ရတနာအုတ်မြစ်တော်များကို သတ် မှတ်နေရာသို့ ပင့်ဆောင်ခဲ့ပြီး ပင့်သံဃာတော် ၉ ပါး တို့မှ အုတ်မြစ်တော်များစိုက်ထူ ပေးကာ အမွှေးနံ့သာရည်များပက်ဖြန်းပေးသည်။ ယင်းနောက်  ဆရာတော် သံဃာတော်များထံမှ  “ဇယန္တော ဗောဓိယာမူလေ” ဂါထာတော်ကို ရွတ်ဆိုပူဇော်ပေးခဲ့ပြီး နောက် အုတ်မြစ်တော် ဌာပနာအား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)

No comments:

Post a Comment