နေပြည်တော် ဧပြီ ၅
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၁) သင်တန်းဆင်းပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်းနှင့် ကျမ်းသစ္စာပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအနေဖြင့် ပင်ကိုအရည်အသွေး၊ ကြိုးစားသင်ယူမှု၊ လေ့လာလိုက်စားမှု အပတ်တကုတ်အားထုတ်မှု စသည့်ကိုယ်ရည်ကိုယ်သွေး ထင်ဟပ်စေရုံသာမက တစ်ဦးချင်းအနေဖြင့် လည်း ဂုဏ်တက်စေကြောင်း၊ ထူးချွန်ဆုရရှိသူများကို ကျန်တရားရေးအရာရှိများက စံနမူနာယူပြီး တရားစီရင်ရေးလုပ်ငန်းတွင် ပိုမိုကျွမ်းကျင်အောင် ကြိုးစားအားထုတ်ဆောင်ရွက်ခြင်းဖြင့် အရည်အချင်းပြည့်ဝ ထူးချွန်ထက်မြက်သည့် တရားသူကြီးကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသအသီးသီးသို့ သွားရောက်၍ လက်တွေ့နယ်ပယ်၌ တာဝန်ထမ်းဆောင်ရာတွင်လည်း စာတွေ့၊ လက်တွေ့ အတွေ့အကြုံပေါင်းစပ်ပြီး ကျေပွန်အောင်ထမ်းဆောင်ရန်နှင့် ဆက်လက်လေ့လာဆည်းပူးကြရန်ဖြစ်ကြောင်း၊ အမှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ အကြောင်းခြင်းရာပြဿနာနှင့် ဥပဒေပြဿနာများကို ဥပဒေ၊ နည်းဥပဒေ၊ ယခင်သာဓကပြုထားသည့် စီရင်ထုံးလမ်းညွှန်ချက်များနှင့်အညီ မိမိ၏ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းကို အခြေပြု၍ စီရင်ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ မိမိထက် အတွေ့အကြုံ ရင့်ကျက်သူများ၏ တွေးခေါ်ပုံ၊ ချဉ်းကပ်ဖြေရှင်းပုံများကိုလည်း လေ့လာသင်ယူရန် တိုက်တွန်းလိုကြောင်း၊ မိမိချမှတ်သည့် စီရင်ချက်များကို ကောင်းမွန်ပြည့်စုံစေရန် အမြဲကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း။
သက်သေခံပစ္စည်း စီမံခန့်ခွဲမှုအပါအဝင် အမှု၏အဆင့်တိုင်းကို အလေးအနက်ထား ဆောင်ရွက်သည့် အလေ့အထကောင်းကိုလည်း မွေးမြူရန်လိုကြောင်း၊ စီရင်ဆုံးဖြတ်ရာတွင် အရေးကြီးသည့်အချက် ဖြစ်သော အဂတိတရား (၄)ပါး ကင်းရှင်းပြီး တံစိုး(၃)ပါးကိုလည်း ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ တရားသူကြီးများသည် အကျင့်၊ သီလ၊ သမာဓိ၊ ပညာဆိုသည့် သိက္ခာသုံးရပ်နှင့် ပြည့်စုံနေမှသာ ပြည်သူများက ယုံကြည်ကိုးစားအလေးထားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကချမှတ်သည့် မူဝါဒ၊ ရည်မှန်းချက်များကို သိရှိနားလည်သဘောပေါက်ပြီး ဌာနကအကောင်အထည်ဖော် ဆောင်ရွက်နေသည့် တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းလုပ်ငန်းစဉ်များကို မျက်ချည်မပြတ် လေ့လာကာ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ တရားရုံးနည်းပညာ အသုံးပြုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်လျက်ရှိသဖြင့် အိုင်တီနည်းပညာနှင့် အင်္ဂလိပ်စာကိုလည်း လေ့လာဆည်းပူးရမည်ဖြစ်ကြောင်း၊ တရားသူကြီးကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက် ရန်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများက သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများကို ဂုဏ်ပြုဆုချီးမြှင့်ပြီး ပြည်ထောင်စုတရားသူကြီးချုပ်က သက်ဆိုင်ရာ မြို့နယ်တရားရုံးအသီးသီးတွင် တာဝန်ထမ်းဆောင်စေရန် လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၁)မှ ဒုတိယမြို့နယ် တရားသူကြီး များကို တာဝန်ပေးအပ်လွှာများ အပ်နှင်းသည်။
ဆက်လက်၍ တာဝန်စတင်ထမ်းဆောင်မည့် သင်တန်းသား/သင်တန်းသူ တရားရေးအရာရှိများက ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ရှေ့မှောက်တွင် ကျမ်းသစ္စာဆိုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းတာဝန်ခံအရာရှိများနှင့် သင်တန်းသား သင်တန်းသူ ၈၀ တက်ရောက်ကြသည်။
သတင်းစဉ်
No comments:
Post a Comment