Sunday, April 16, 2023

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ သံရုံးမိသားစုဝင်များနှင့် တာဝန်ရှိသူများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်

 


ရန်ကုန်     ဧပြီ     ၁၆  

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ရန်ကုန်မြို့ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံခြားသံရုံးအသီးသီးမှ တာဝန်ရှိသူများအား ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့တော်ခန်းမ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆိုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ 

ထို့ကဲ့သို့ ဖျော်ဖြေတင်ဆက်ရာတွင်  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ စစ်သံမှူးများ၊ သံရုံးယာယီတာဝန်ခံများ၊ စီးပွားရေးသံမှူးများအား မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ကျောက်ဆည်ဆင်အကအလှများ၊ သင်္ကြန်ယိမ်းအကများ၊ နိုင်ငံကျော် အနုပညာရှင်များ၏ မြန်မာ့ရိုးရာယဉ်ကျေးမှုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများနှင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာကြသောတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသော သံအမတ်ကြီးများက နှစ်သစ်ကူးဆုတောင်းစကားများ ပြောကြားကြသည်။

ထိုသို့ကျင်းပရခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိရှိပြီး အမြတ်တနိုးလေးစားတန်ဖိုးထားတတ်စေရန်အတွက် ဖျော်ဖြေတင်ဆက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment