Wednesday, April 19, 2023

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေ ကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


 နေပြည်တော်   ဧပြီ  ၁၉

ရွှေတိဂုံစေတီတော်မြတ်ကြီးအား  သံဃာအပါး(၁၁၁၁၁)ပါး တို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီ တော်မြတ်ကြီး ရှေးဟောင်းတန် ဆောင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က အဖွင့်သြဝါဒကထာ မြွတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အဖွင့်အမှာစကား များအသီးသီး ပြောကြားကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။ ၎င်းနောက် အပြည်ပြည်ဆိုင်ရာ ထေရဝါရဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (စီမံ)က ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ  သံဃာအပါး (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးတင်ပြပြီး တက်ရောက်ကြသည့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက  အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment