Tuesday, April 18, 2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ (ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက်)၏ နှစ်သစ်ကူးမင်္ဂလာစကား

 


အကျင့် ကောင်းလျှင် အားလုံးကောင်းမည်။ ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၅ ခုနှစ်ဟု ဆိုအပ်သော မြန်မာ့နှစ်သစ်သို့ရောက်ရှိသည့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ယနေ့ ကျရောက်သည့် မြန်မာ့နှစ်သစ်မင်္ဂလာ နေ့ထူးနေ့မြတ်မှစ၍ နိုင်ငံသူ နိုင်ငံသား ခုနစ်ရက်သားသမီးများအားလုံး ဘေးဥပါဒ်အန္တရာယ် ရန်စွယ်ဟူသမျှ၊ အနှောင့်အယှက်ဟူသမျှ ကင်းစင်ပပျောက်၍ လိုရာဆန္ဒအဝဝတို့ ပြည့်ဝနိုင်ကြပါစေကြောင်း ဆုတောင်းပတ္ထနာပြုလျက် နှစ်သစ်မင်္ဂလာကောင်းမြတ်သော အချိန်အခါ၌ မေတ္တာဖြင့်တိုက်တွန်းလိုသည်မှာ ဘုန်းကြီးတို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပုဗ္ဗဏှသုတ်ပါဠိတော်မှာ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တောစ၊ သုယိဋ္ဌံ ဗြဟ္မ စာရိသု။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံ ပဒက္ခိဏံ။ ပဒက္ခိဏံ မနောကမ္မံ၊ ပဏီဓိတေ ပဒက္ခိဏေ။ ဟု ဟောတော်မူခဲ့ပါသည်။ ထိုဒေသနာတော်၏ အဓိပ္ပာယ်မှာ “နံနက်အခါ၊ မွန်းတည့်အခါ၊ ညချမ်းအခါတို့၌” ကိုယ်၊ နှုတ်၊ စိတ်တို့ဖြင့် သုစရိုက်တရားကို ကျင့်ကြကုန်သောသူတို့အား “ကောင်းသောနံနက်အခါ၊ ကောင်းသော မွန်းတည့်အခါ၊ ကောင်းသောညချမ်းအခါ”ဖြစ်၍ ထိုသုစရိုက်တရားကို ကျင့်သောသူတို့အား “နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အခါကောင်း၊ ခဏကောင်း” အားလုံးအကောင်းချည်းဖြစ်ကြောင်း သုစရိုက်ကျင့်သောသူ၏ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုဟူသမျှသည်လည်းပဲ တိုးတက်ကြီးပွားကြောင်း အကောင်းချည်းသာဖြစ်ကြောင်း ဟောတော်မူခဲ့ပါသည်။ ထို ပုဗ္ဗဏှသုတ် - ဒေသနာတော်၌ ဟောတော်မူသည်နှင့်အညီ ယနေ့ကျရောက်သော မြန်မာတို့၏ နှစ်သစ်မင်္ဂလာ အခါတော်နေ့မှစ၍ အားလုံးသော မြန်မာနိုင်ငံသူ နိုင်ငံသား ခုနစ်ရက်သားသမီးအားလုံးတို့ဟာ မိမိတို့သန္တာန်၌ အမြဲတမ်း နက္ခတ်ကောင်း၊ မင်္ဂလာ ကောင်း၊ အခါကောင်း၊ ခဏကောင်း - စသည်တို့ နှင့် တွေ့ကြုံနိုင်ကြပြီး ကြီးပွားတိုးတက်ခြင်း စသော ကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာအဖြာဖြာတို့ ရရှိသုံးဆောင် ခံစားနိုင်ကြစေရန်နှင့် ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကြစေရန် နေ့စဉ် နေ့စဉ် သုစရိုက်ဆယ်ပါး အကျင့်တရားတို့ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကြောင်း မေတ္တာဖြင့် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

No comments:

Post a Comment