Saturday, April 1, 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှုကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးကျင်းပ

 


နေပြည်တော် မတ် ၃၁

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်တွင် မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍရှိ ငွေကြေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံခြားဘဏ်များနှင့် ငွေပေးချေမှုကိစ္စရပ်များ၊ ငွေကြေးခဝါချမှုဆိုင်ရာ သတ်မှတ်စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှု အခြေအနေများအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့် အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက မြန်မာနိုင်ငံဘဏ် လုပ်ငန်းကဏ္ဍ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် သုံးနှစ်တာကာလအတွင်းတိုးတက်မှုကို ဆွေးနွေးခဲ့ရာ ပုဂ္ဂလိကဘဏ်များ၏ အပ်ငွေသည် ယခင်ဘဏ္ဍာနှစ် နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊ ချေးငွေသည် ၇ ဒသမ ၈၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ Credit to GDP Ratio သည် ၂၈ ရာခိုင်နှုန်းရှိကြောင်း၊ ယခင် နှစ်နှင့် နှိုင်းယှဉ်ပါကဘဏ်များ၏ ဗဟိုဘဏ်ရှိအပ်နှံ ငွေသည် ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ Interbank Market ရှိ ငွေကြေး လွယ်ကူမှု Turnover သည် ငွေကျပ် ၁၁၆၆ ဘီလီယံ၊ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၉၈ ရာခိုင်နှုန်း ခန့် တိုးတက်ခဲ့ပါကြောင်း၊ နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအကြားတွင် ကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာကြောင်း၊ ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်သည့် ကာလတိုငွေကြေးဖြည့်ဆည်းမှုများ အားကောင်းလာကြောင်း၊ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် လုပ်ငန်းများလည်ပတ်မှုများ အားကောင်းလာသဖြင့် ဘဏ်များအနေဖြင့် ချေးငွေများ ပိုမိုကောက်ခံရရှိလာပြီး၊ ချေးငွေများအပေါ် (Restructuring and Rescheduling) များ ဆောင်ရွက်ပေးခြင်းကြောင့် ပိုမိုလုပ်သာကိုင်သာရှိလာသဖြင့် အရင်း/အတိုး ပေးဆပ်ရန် ပျက်ကွက်သောချေးငွေများ လျော့နည်းကျဆင်းလာကြောင်း စသည့်ဘဏ်လုပ်ငန်းကဏ္ဍအတွင်း ဖြစ်ပေါ်တိုးတက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံခြားငွေနှင့်ပတ်သက်၍ ဗဟိုဘဏ်က သတ်မှတ်ပေးသည့် စည်းမျဉ်းများကိုဘဏ်များ၊ Exporter များ၊ Importer များလိုက်နာစေရေး၊ Export Earnings ပြန်မဝင်သည့်ကိစ္စရပ်များ စောင့်ကြည့်စစ်ဆေးနိုင်ရေး၊ လိုအပ်သည့်အထောက်အထားများ ရယူစစ်ဆေးနိုင်ရေး၊ KYC/CDD နှင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်အထက် ငွေလွှဲဝင်ရောက်ခြင်းများကို ဗဟိုဘဏ်သို့သတင်းပို့ရေး၊ သတင်းပို့ရန် ပျက်ကွက်ပေါ့လျော့မှုများကြောင့် ဆုံးရှုံးမှုများဖြစ်လာပါက စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU)သို့ သတင်းပေးပို့ရမည့် စာရင်းများအား စနစ်တကျ စောင့်ကြည့်ပေးပို့သွားရန် လိုအပ်ကြောင်း ပြောကြားသည်။      

ထို့ပြင် နယ်စပ်ဒေသတွင် ဖွင့်လှစ်ထားသည့်ဘဏ်ခွဲများ၌ တရားမဝင်ငွေလွှဲကိစ္စရပ်များ မဖြစ်ပွားအောင် အထူးဂရုပြုဆောင်ရွက်သွားရန်ဖြစ်ကြောင်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုများသည် မိုဘိုင်းဖုန်းအသုံးပြု၍ ငွေလွှဲဆောင်ရွက်မှုများမှတစ်ဆင့် အဖြစ်များသဖြင့် Monitoring အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဗဟိုဘဏ်အနေဖြင့်လည်း ဘဏ်များ၏ လိုအပ်ချက်အပေါ်မူတည်ပြီး ပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထိုသို့ပံ့ပိုးပေးနေသည့်အတွက် ဘဏ်များအနေဖြင့် စည်းကမ်းတကျလိုက်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း ကုန်သွယ်မှုကဏ္ဍတွင် ဒေသသုံးငွေကြေးများပိုမိုသုံးစွဲပြီး ဒေါ်လာအပေါ် မှီခိုအားထားမှုလျှော့ချကာ Currency Diversifi-cation ကို ဆုံးရှုံးနိုင်ခြေပေါ်မူတည်၍ စီမံခန့်ခွဲရန်လိုအပ်ကြောင်း၊ ယွမ်/ထိုင်းဘတ်အပြင် ရူပီးနှင့်ကျပ်ကိုပါ သုံးစွဲနိုင်ရေး အိန္ဒိယဗဟိုဘဏ်နှင့် အတည်ပြုချက်ရယူပြီး၍ မကြာခင်ကုန်သွယ်မှုကဏ္ဍသို့ ဆောင်ရွက်မည့် အစီအမံများ ချပြပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပုဂ္ဂလိကဘဏ်များမှဥက္ကဋ္ဌများ၊ အမှုဆောင်အရာရှိချုပ်များက သက်ဆိုင်ရာဘဏ်အလိုက် ဆောင်ရွက်လျက်ရှိသည့် တိုးတက်မှု၊ လာမည့်ဘဏ္ဍာနှစ်တွင်လုပ်ငန်း တိုးချဲ့အကောင်အထည်ဖော်မည့်အခြေအနေ၊ Digital Banking ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ Internal Control စီမံထားရှိမှု၊ AML/CFT ဆိုင်ရာ လိုက်နာဆောင်ရွက်နေသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ များက ပြန်လည်ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ကောင်းမွန်သည့် ဘဏ်စနစ်ဖြစ်ပေါ်ပြီးတည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ်များအားလုံးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ ဘဏ်လုပ်ငန်းရေရှည်ဖွံ့ဖြိုးစေရန်အတွက် တိုးတက်ကောင်းမွန်သည့် ဘဏ် လုပ်ငန်းဝန်ဆောင်မှုများဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုသွားရန်၊ Risk Management ကို တိုးမြှင့်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလုံခြုံမှုနှင့် အောင်မြင်မှုတို့ကို ဟန်ချက်ညီစွာပေါင်းစပ်ဆောင်ရွက်ပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

သတင်းစဉ်

No comments:

Post a Comment