Tuesday, April 18, 2023

မြန်မာ့နှစ်သစ်ကူးဆုတောင်းစကားသံများ

 


ဦးကြည်စိုးထွန်း (မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ)

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ဆောင်ပုဒ်က ‘ရုပ်ရှင်သည် ပြည်သူ့အတွက်ဖြစ်ပါတယ်’ လို့ဆိုထားပါတယ်။ ရုပ်ရှင်ဟာ ပြည်သူ့အတွက်ဆိုတာကြောင့် ပြည်သူတွေပျော်ရွှင်မှု၊ အေးချမ်း သာယာမှု၊ ကြီးပွားတိုးတက်မှုနဲ့ ဘာသာသာသနာမှာကောင်းမွန်စွာ ရွက်ဆောင်နိုင်ကြဖို့ဆုတောင်း မေတ္တာပို့သပါတယ်။ ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်ကြီးဟာ ကျွန်တော်တို့ အစည်းအရုံးအတွက် အဓိကမဏ္ဍိုင်ကြီးဖြစ်တာကြောင့် ချစ်ပရိသတ်ကြီးနှစ်သစ် မင်္ဂလာချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းပို့သပါတယ်။

 






ပန်းချီစိုးမိုး (ရုပ်ရှင်ဒါရိုက်တာ)

မြန်မာ့နှစ်ကူးနဲ့အတူ အေးမြကြည်လင်သော အတာရေသဘင်ပွဲတော်ကနှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောပေးသွားမှာအမှန်ပါ။ နှစ်သစ်မှအစပြုပြီး ကျန်းမာချမ်းသာဘေးရန်ကွာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ။ စိတ်သစ်၊ ကိုယ်သစ်၊ အတွေးအမြင်သစ်များနဲ့ နိုင်ငံနှင့်ဘာသာသာသနာ၊ လူမျိုးအကျိုးကို ဆောင်ရွက်နိုင်ကြပါစေ။ အမှောင်ကင်းပြီး အလင်း‌‌ရောင်တောက်ပနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း ပို့သပါတယ်။

ဒေါ်နွဲ့နွဲ့စန်း (ရုပ်ရှင်သရုပ်ဆောင်)

မြန်မာ့နှစ်သစ်မင်္ဂလာအချိန်အခါမှာ မြန်မာပြည်ကြီး အေးချမ်းသာယာပြီး ဘေးရန်ကင်းကွာ ကျန်းမာကြပါစေ။ မြန်မာရုပ်ရှင်ကို ချစ်မြတ်နိုးကြတဲ့ ချစ်ပရိသတ်ကြီး ခုနစ်ရက်သားသမီးအပေါင်းကို နေ့စဉ်မေတ္တာပို့သနေပါတယ်။ အမေတို့ကိုစောင့်ရှောက်ကြတဲ့ ကျေးဇူးရှင်အ‌ပေါင်းကိုလည်း မေတ္တာပို့သနေပါတယ်။ ကမ္ဘာသူကမ္ဘာသားအ‌ပေါင်းနဲ့ မြန်မာပြည်သူအပေါင်း နှစ်သစ်မင်္ဂလာမှစပြီး နှလုံးစိတ်ဝမ်းအေးချမ်းပြီး စီးပွားဖွံ့ဖြိုးတိုးတက်ကြပါစေလို့ ဆုမွန်ကောင်းပို့သပါတယ်။

ဂီတစာဆို ဦးလွင်မြင့် (မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟိုဥက္ကဋ္ဌ)

မြန်မာနှစ်ဆန်းဆိုတာ နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသားအားလုံးရဲ့ ထူးမြတ်တဲ့နေ့ဖြစ်ပါတယ်။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုပြောင်းတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဟောင်းနွမ်းသော အညစ်အကြေးများ အားလုံး ပျောက်ကွယ်ပြီး ကောင်းမွန်သောလုပ်ဆောင်မှုများနဲ့ သစ်လွင်တောက်ပတဲ့နှစ်သစ်ကို ရောက်ရှိ လာမှာဖြစ်ပါတယ်။ ပြည်သူများရဲ့ မေတ္တာကိုခံယူထားတဲ့ အနုပညာရှင်များဖြစ်တဲ့အတွက် ပြည်သူ တစ်ရပ်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။ ကမ္ဘာသူ ကမ္ဘာသား အားလုံးလည်း နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကျွန်တော်တို့ နိုင်ငံမှာလည်းအာဃာတနဲ့ အမုန်းတရားများပျောက်ပြီး ငြိမ်းချမ်းသာယာသောနိုင်ငံကြီးဖြစ်ပါစေ။ နိုင်ငံတော်သာယာမှုနဲ့အတူ ပြည်သူအပေါင်း အေးချမ်းသာယာ ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း ပို့သပါတယ်။

ဦးဆန်းလင်း ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအခါ သမယမှစ၍ မြန်မာပြည်သူ၊ ပြည်သားအားလုံး ကိုယ်စိတ် နှစ်ပါး ကျန်းမာချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေ၊ အလုပ်အကိုင်များ အဆင်ပြေပြီး စီးပွားဥစ္စာများ တိုးတက်ရရှိ ပိုင်ဆိုင်နိုင်ကြပါစေ၊ နိုင်ငံတော်ကြီးအေးချမ်းသာယာဝပြောပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် ပါစေကြောင်း နှစ်သစ်ကူးဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်၊၊

ဦးအောင်ထွန်း ဥက္ကဋ္ဌ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း

မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ ဘေးဥပဒ်အန္တရာယ်တွေ ကင်းဝေးကြပါစေ၊ စားဝတ်နေရေးကိစ္စတွေ အားလုံး အဆင်ပြေကြပါစေ၊ စီးပွားဥစ္စာများကြီးပွားတိုးတက်အောင်မြင်ကြပါစေ၊ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

တွေ့ဆုံမေးမြန်း  

ညိမ်းသူ(သတင်းစဉ်)

No comments:

Post a Comment