Saturday, April 1, 2023

အားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆုများပိုမိုရရှိအောင် အစွမ်းကုန်ကြိုးစားအားထုတ် ယှဉ်ပြိုင်သွားကြရန်လို


 နေပြည်တော် မတ် ၃၁

၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ တွေ့ဆုံအမှာစကားပြောကြားသည်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အိမ်ရှင်နိုင်ငံက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို အားကစားနည်း ၄၀ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၉ နည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အချို့အားကစားနည်းများကို တရုတ်နိုင်ငံတွင်လည်း (Joint Training) ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြင့် ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲသုံးပစ္စည်းများနှင့် ပြိုင်ပွဲဝင်ဝတ်စုံများ၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများကို လိုအပ်ချက်များ မရှိအောင် အဘက်ဘက်မှ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်း၊ အားကစားသမားများအား စိစစ်ရွေးချယ်ရာတွင် သတ်မှတ်စံနှုန်းအတိုင်း စံချိန်စံညွှန်းကောင်းမွန်ပြီး ထူးချွန်သည့် အကောင်းဆုံးအားကစား သမားများကိုသာ အားကစားနည်းအလိုက်ရွေးချယ်ရေးအဖွဲ့များဖြင့် မှန်မှန်ကန်ကန်စိစစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးချယ်ခြင်းမခံရသည့် အားကစားသမားများအနေဖြင့် မိမိထက် အရည်အချင်း ပြည့်ဝပြီး ထူးချွန်သူများကို တာဝန်ရှိသူများက စနစ်တကျ မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ခဲ့မှုများအပေါ် စိတ်ပျက်အားငယ်ခြင်းမပြုဘဲ နောင်လာမည့်ပြိုင်ပွဲများတွင် ပိုမိုကောင်းမွန်ထူးချွန်သည့် အားကစားသမားများဖြစ်အောင် အစွမ်းကုန်ပြန်လည်ကြိုးစား လေ့ကျင့်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ခြင်းခံထားရသည့် အားကစားသမားများကလည်း နိုင်ငံ့ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ စိတ်ဓာတ်၊ လုံ့လ၊ ဝီရိယတို့ဖြင့် အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ တားမြစ်ဆေးဝါး သုံးစွဲခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာကိုထိခိုက်စေပြီး ဆုတံဆိပ်ရရှိမည့် အခွင့်အရေးဆုံးရှုံးနိုင်သည့်အတွက် မိမိကိုယ်တိုင်နှင့် နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာနိုင်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအဖွဲ့များအားလုံး တားမြစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးအုပ်ချုပ်/နည်းပြများအနေဖြင့် အားကစားသမားများအား အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်လိုကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့် အားကစားသမားများ၏ ကြိုးစားခဲ့မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်မှ အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့သူများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း၊ လာမည့်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ် များ ယခင်နှစ်ထက်ပိုမိုရရှိအောင် ဆောင်ရွက်ကြရမည့်အပြင် နိုင်ငံအလိုက် အဆင့်တက်အောင် ပိုမိုကြိုးစားယှဉ်ပြိုင်ခဲ့ကြရန် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်မှာကြားထားသည့်အတွက် အားကစားသမားများအနေဖြင့် ရွှေတံဆိပ်ဆုများပိုမိုရရှိအောင် အစွမ်းကုန်ကြိုးစားအားထုတ် ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများက ယုံကြည်အားကိုး လေးစားမှုရှိသည့် နည်းပြဆရာကောင်းများဖြစ်အောင် ပြုမူနေထိုင်ပြောဆို၍ လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အားကစားသမားမောင်မယ်များအနေဖြင့် မိမိကိုယ်ကို ဂုဏ်ယူစွာဖြင့် နေထိုင်လုပ်ဆောင်သွားကြရန်လိုကြောင်း၊ အားကစားအဖွဲ့များအားလုံး အောင်မြင်မှု ဆုတံဆိပ်များဆွတ်ခူးနိုင်အောင် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွားကြရန် တိုက်တွန်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ပြိုင်ပွဲဝင် အုပ်ချုပ်/နည်းပြ၊ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment