Saturday, March 4, 2023

သိပ္ပံနှင့်နည်းပညာဆိုင်ရာလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရည်မှန်းရလဒ်များရရှိအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဆွေးနွေး

 


နေပြည်တော် မတ် ၃

သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း(၂၀၂၂-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်ဖြစ်သည့် ဦးစီးဌာနအလိုက် နှစ်စဉ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးအစီအစဉ်(Departmental Annual Implementation Plan-DAIP)ဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန စုဝေးခန်းမ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ငါးနှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် စီမံကိန်းများနှင့်လုပ်ငန်းကို စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုမဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ကိုရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ယင်းကိုအခြေခံ၍ ဦးစီးဌာနအလိုက် နှစ်စဉ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းအစီအစဉ်(DAIP)ကို စနစ်တကျ ရေးဆွဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးလုပ်ငန်းများကို ဆောင်ရွက် ရာတွင်လည်း DAIP ကို အခြေခံရမည်ဖြစ်ကြောင်း၊ DAIP ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြင့် ဘဏ္ဍာရေးနှစ်အတွင်း မိမိတို့အကောင်အထည်ဖော်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းစွာ သိမြင်နိုင်ပြီး လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများကိုလည်း စဉ်ဆက်မပြတ် သုံးသပ်ပြုပြင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လက်တွေ့အမှန်တကယ် အကောင်အထည်ဖော် နိုင်မှုများကို ဘဏ္ဍာငွေရရှိမှုများနှင့်ချိတ်ဆက်၍ စနစ်တကျ အကောင်အထည်ဖော်ရန် အထောက်အကူပြု မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ DAIP ရေးဆွဲရာတွင် အမှန်တကယ် ဆောင်ရွက်နိုင်မှုများအပေါ်အခြေခံ၍ ရေးဆွဲရန်လိုအပ်ပါကြောင်း၊ ဦးစီးဌာနများက ဘဏ္ဍာရေးနှစ်အလိုက် ရည်မှန်းရလဒ်များရရှိအောင် အကောင် အထည်ဖော်ဆောင်ရွက်သွားခြင်းဖြင့် ရည်မှန်းချက် ပန်းတိုင်ရောက်ရှိစေမည်ဖြစ်သလို နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အပံ့ပြုပေးနိုင်မည်ဖြစ်ကြောင်း၊ DAIP Guideline နှင့် Template များပါ အချက်အလက်များအပေါ် ပူးပေါင်းပါဝင်ဆွေးနွေးရန်နှင့် အကြံပြုချက်များပေးရန် ပြောကြားသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနက မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)ဆိုင်ရာ လေ့လာဆန်းစစ်အကဲဖြတ်ရေး မူဘောင်အကျဉ်းချုပ်နှင့် DAIP ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြသည်။    

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဦးစီးဌာနများ၊ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများသည် DAIP ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အကျိုးပြုထိရောက်သည့် လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ပါကြောင်းနှင့် သတ်မှတ်ထားသော ရလဒ်၊ အညွှန်းကိန်းများ ပြည့်မီအောင် ဆောင်ရွက်သွားရန် အကြံပြုဆွေးနွေးသည်။

ဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက ပါဝင်ဆွေးနွေးကြပြီး ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက Online ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment