Saturday, March 4, 2023

ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာတတ်​​မြောက်အောင်သင်ယူရန်လိုအပ်သည့်အပြင် အသိပညာဗဟုသုတ လေ့လာရှာဖွေပြီး စာပေဖတ်ရှုကြရန်လိုအပ်

 


မုံရွာ မတ် ၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် မတ် ၁ ရက် ညနေပိုင်းက မုံရွာမြို့ ကိုယ်ပွား သတင်းစာတိုက်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်အားပေးသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်ပညာရေးမှူး၊ ဆရာ ဆရာမများနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက မုံရွာမြို့ ပြည်သူ့အားကစားကွင်းတွင် ဖွင့်လှစ်ထားသော နွေရာသီ အားကစားသင်တန်းများကို ကြည့်ရှုအားပေးသည်။ ထို့နောက် Gym ခန်းမတွင် အားကစား အထောက်အကူ ပစ္စည်းများဖြင့် နေ့စဉ်လာရောက်လေ့ကျင့်ကစားနေကြသော အားကစားသမားများ၊ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ နည်းပြများ၊ စေတနာဖြင့် လာရောက်ကူညီနည်းပြပေးနေကြသည့် လက်ရွေးစင် အားကစားသမားဟောင်းကြီးများအား ကြည့်ရှုအားပေးသည်။

ထို့နောက် အားကစားခန်းမတွင် နည်းပြများ၊ အားကစားသမားများ၊ သင်တန်းသား သင်တန်းသူ လူငယ်များ၊ ကျောင်းသား ကျောင်းသူများအားတွေ့ဆုံ၍ ယခုလို နေ့စဉ် အားကစားလေ့ကျင့်သူများ Gym လာရောက် ကစားလေ့ကျင့်ကြပြီး နည်းပြများနှင့် အားကစားသမားဟောင်းကြီးများက ကူညီပြသပေးနေသည်မှာ ကောင်းမွန်သည့် အစဉ်အလာဖြစ်ကြောင်း၊ အားကစားဖြင့် မိမိတို့တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည်အထိ ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုလိုနွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း ဘောလုံး၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ Fitness Dance စသည့် အားကစား နည်းအလိုက် သင်တန်းများဖွင့်လှစ် ပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းပိတ်ရက် များတွင် အချိန်ကို အကျိုးရှိစွာအသုံးပြု ဖြတ်သန်းနိုင်ကြမည်ဖြစ်ကြောင်း၊ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်၊ စည်းကမ်းမှအစများစွာ အထောက်အပံ့ရနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း ပညာတတ်​​မြောက်အောင်သင်ယူရန် လိုအပ်သည့်အပြင် အသိပညာဗဟုသုတ လေ့လာရှာဖွေပြီး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ ပညာရေး သာမကယခုကဲ့သို့ ငယ်စဉ်ကတည်းက အားကစားလေ့လာလိုက်စားသွားပါက ကျန်းမာသန်စွမ်း၊ အနာရောဂါကင်းပြီး အသက်ရှည်ရှည် နေနိုင်ကြမည်ဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်ဝပြီး နိုင်ငံ့အနာဂတ်အတွက် အဖိုးတန်သားကောင်း ရတနာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိဘဆရာများနှင့် တာဝန်ရှိသူများကလည်း ဝိုင်းဝန်း ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် အားကစားသိပ္ပံ စာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို လှူဒါန်းပြီး တက်ရောက်လာကြသူများနှင့်အတူ သင်တန်းသား၊ သင်တန်းသူများ၊ လူငယ်များ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထို့နောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့်အတူ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ချောင်းဦးမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်နှင့် ကနီမြို့နယ်တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံမှူးနှင့် ဝန်ထမ်းများ၊ မုံရွာသတင်းဌာနခွဲမှ ဝန်ထမ်းများ၊ ကိုယ်ပွား သတင်းစာတိုက် တာဝန်ခံနှင့်ဝန်ထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟုမ္မလင်းမြို့သို့ ရောက်ရှိပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံကို ဝင်ရောက်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား တွေ့ဆုံမှာကြားသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေး မှာကြားသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြန်ကြားခြင်း၊ အသိပေးခြင်းလုပ်ငန်းများကို အခက်အခဲများကြားမှ တတ်နိုင်သရွေ့ ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် ခြောက်ချက်နှင့်အညီ ဝန်ထမ်းကောင်းပီသစွာကျင့်ကြံနေထိုင်ကြပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန်မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့သည်။

ဒုတိယဝန်ကြီးသည် MRTV ရုပ်မြင်သံကြားလိုင်းများ ဖမ်းယူကြည့်ရှု နိုင်သည့် DVB T2 Set Top Box ၂၀ ကို ဟုမ္မလင်းတပ်နယ် မိသားစုအတွက် တပ်နယ်မှူးသို့လည်းကောင်း၊ ခရိုင်အတွင်း ဝန်ထမ်း မိသားစုများအတွက် အလုံး ၂၀ ကို ခရိုင်အုပ်ချုပ်ရေးမှူးသို့လည်းကောင်း ပေးအပ်ခဲ့သည်။ 

သတင်းစဉ်

No comments:

Post a Comment