Thursday, March 2, 2023

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံ ကိန်းများ ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ

 

 နေပြည်တော်  မတ်  

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန  လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd.  တို့အကြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံ ကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေး မှူးများနှင့် ဌာနအကြီးအကဲများ၊ Primus Advanced Technologies Limited၊ Asia Ecoenergy Develop-ment Limited နှင့် Yunnan Machinery and Equipment Import and Export Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က စွမ်းအင်ဖူလုံမှုသည်   နိုင်ငံသားအားလုံးအတွက် အဓိကကျပြီး စွမ်းအင်အရင်းအမြစ်များမှာ အကန့်အသတ်ဖြင့်သာ  တည်ရှိနေပါကြောင်း၊  ယနေ့ လက်မှတ်ရေးထိုးသည့် သဘောတူညီမှုစာချွန်လွှာ မှာ လေအားလျှပ်စစ်စီမံကိန်း သုံးခုဖြစ်သည့် အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအား လျှပ်စစ်စီမံကိန်း  ၁၀၀ မဂ္ဂါဝပ်၊  သံတွဲ လေအား လျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို  အကောင်အထည်ဖော်ဆောင်ရွက် ရန်ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မြန်မာနိုင်ငံသားပိုင် PRIMUS ၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC တို့အနေဖြင့် MOA ကို လက်မှတ်ရေးထိုးပြီးနောက် ဆောင်ရွက်ရန် ကိစ္စများစွာရှိနေပါကြောင်း၊  စီမံကိန်း ဆောင်ရွက် ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေရန် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ  ဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ် ပါကြောင်း၊ စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင် အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်း သုံးခု အနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃  ခုနှစ်  ဒီဇင်ဘာလတွင်  တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရေးအတွက် ကုမ္ပဏီများအနေ ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai က လျှပ်စစ်ကဏ္ဍ၌ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် လျှပ်စစ်ဓာတ် အားထုတ်လုပ် နိုင်ရန် လိုအပ်သည့်  လေစွမ်းအင်၊  နေစွမ်းအင်၊ ရေအားနှင့်  သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ပေါကြွယ်ဝသည့်  မြန်မာနိုင်ငံတို့အကြား  ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အထူးအကျိုး ဖြစ်ထွန်းစေမည်ဖြစ် ပါကြောင်း၊   မြန်မာနိုင်ငံ၏ ပြည်တွင်းလျှပ် စစ်ဓာတ်အားဖူလုံမှုနှင့် ၂၀၃၀ ပြည့် နှစ်တွင်  နိုင်ငံတော်ဓာတ်အား စနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိနိုင်ရေး  ရည်မှန်းချက်များ ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် စီမံကိန်းများ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ များက ဆက်လက်ပူးပေါင်း ပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအား လျှပ်စစ်စီမံကိန်းများဖြစ်သည့် အတွက်  တရုတ်-မြန်မာ  လျှပ်စစ်ကဏ္ဍ   ပူးပေါင်း ဆောင်ရွက်မှု၏ ခြေလှမ်းသစ် စတင်ခြင်းလည်း ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏  လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုပမာဏသည်  ကီလိုဝပ်နာရီ  သန်း ၄၀၀ အထိ ရောက်ရှိနေ ပြီဖြစ်ကာ ကမ္ဘာ့လေစွမ်းအင် ထုတ်လုပ်မှုစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိပြီး ကမ္ဘာ့ အဆင့် (၁) လေအားလျှပ်စစ် ထုတ်လုပ်သူအဖြစ် နှစ်ပေါင်းများစွာ   ဆက်လက်ရပ်တည်လျက်ရှိပါ ကြောင်း၊ တရုတ်-မြန်မာ လေအားလျှပ်စစ် ပူးပေါင်း ဆောင်ရွက်ရေးစီမံကိန်းကြီး အောင်မြင်ပါစေကြောင်း နှင့်  နှစ်နိုင်ငံအကြား  လျှပ်စစ်ဓာတ်အားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက်  တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ကုမ္ပဏီများ၏ ကြိုးပမ်းဆောင်ရွက် မှုများကို ကျေးဇူးတင်ဂုဏ်ယူမိပါကြောင်း ပြောကြားသည်။

ယင်းနောက်  Yunnan Machinery and Equipment Import and Export Co., Ltd. (YMEC) ၏ Vice President Mr. Dong Fan က ကျေးဇူးတင် စကားပြောကြား၍ စီမံကိန်း ဆောင်ရွက်မည့် အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်  ဒေါ်မိမိခိုင်၊  Yunnan Machinery and Equipment Import and Export Co., Ltd. (YMEC) ၏ Vice President Mr. Dong Fan နှင့် Primus Advanced Technologies Limited (PRIMUS)၏ Managing Director ဦးကျော်လှဝင်းတို့က ရခိုင် ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ် အတွင်းရှိ  လေအားလျှပ်စစ်စီမံ ကိန်းများဆိုင်ရာ သဘောတူညီမှုစာ ချွန်လွှာ  (Memorandum  of Agreement-MOA) ကို   လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြကာ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။

ယနေ့  လက်မှတ်ရေးထိုးသော  ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအား လျှပ်စစ်စီမံ ကိန်းများသည် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ်  ထုတ်လုပ်ပေးနိုင်မည့်  ဒေသအကျိုး ပြု စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

 သတင်းစဉ်

No comments:

Post a Comment