Saturday, March 4, 2023

ဧရာဝတီတိုင်းဒေသကြီး၏ လယ်ယာသားငါးထုတ်လုပ်မှုမြှင့်တင်နိုင်ရေးကြိုးပမ်း

 


နေပြည်တော် မတ် ၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပန်းတ‌နော်မြို့နယ်ရှိ Global Earth စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်းထွက်တန်ဖိုးမြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူ ထုတ်လုပ်သည်မှ အသင့်စားသုံးနိုင်သော ငါးအခြေခံတန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်သည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်နေရာတည်းတွင် စုဖွဲ့ဆောင်ရွက်နေမှု၊ ဝန်ထမ်း ၆၀၀၀ ကျော် တိုက်ရိုက်ခန့်ထားဆောင်ရွက်နေမှုနှင့် ဆက်စပ်အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀၀ ကျော်အား အကျိုးပြုနေမှု ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြည်တွင်းငါးစားသုံးမှုဖူလုံရေးနှင့် ရေထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချနိုင်မှုတိုးမြှင့်ရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာရန် ပုဂ္ဂလိကပိုင်း၏ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဆောင်ရွက်ခြင်းအပြင် လုပ်ကွက် ငယ်ငါးမွေးတောင်သူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ကြမ်းတင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြင့်ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းကွင်းဆက်တစ်လျှောက်၏ အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေရရှိရေးကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်၍ စွန့်ဦးတီထွင် ဆောင်ရွက်သူနှင့် ပူးပေါင်းပါဝင်သူများ ဟန်ချက်ညီ ကြိုးပမ်းကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Global Earth စိုက်ပျိုး ရေးနှင့် ငါးလုပ်ငန်းထွက် တန်ဖိုး မြင့် ကုန်ထုတ်လုပ်ငန်း အများပိုင်ကုမ္ပဏီလီမိတက်၏ လုပ်ငန် ဆောင်ရွက်နေမှုများ၊ BIOMASS POWER PLANT တည်ဆောက်နေမှုနှင့် ခေတ်မီနည်းစနစ်အသုံးပြု၍ ငါးသားဖောက်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ ငါးလုပ်ငန်းသိပ္ပံသို့ ရောက်ရှိကြပြီး တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ငါးလုပ်ငန်းသိပ္ပံကျောင်း အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းဥပစာ သာယာလှပစေရေးနှင့်ကျောင်းအဝင် လမ်းအသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် တွံတေးမြို့နယ် ရွှေမယင်းကွင်းဒေသ (ကကယာ-၂)ငါးကန်များမှ ကွင်းပေါက်ကျေးရွာအထိ ချောင်းဟောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက စိုက်ပျိုးမြေဧက ၈၀၀ ၏ ရေဘေးကာကွယ်ရေးနှင့် နွေစပါး ဧက ၂၆၀ ကျော်ကို စိုက်ပျိုးရေအကျိုးပြုနိုင်ရေးဆောင်ရွက်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment