Sunday, March 5, 2023

ဆောင်းမှနွေပြောင်း လတပေါင်းနှင့် မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့

 

တပေါင်းလသည် မြန်မာလများတွင် ၁၂ လမြောက် တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်ပြီး ဆောင်းမှ နွေအကူး၊ ဆောင်းတစ်ဝက် နွေတစ်ဝက်လဖြစ်သည်။ တပေါင်းလပြည့်နေ့တွင် ဆောင်းရာသီကုန်ဆုံးပြီဖြစ်ပြီး တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှစကာ နွေသို့ကူး၍ နွေဦးပေါက်ပြီဖြစ်သည်။

တပေါင်း၊ တန်ခူး နှစ်လတို့သည် ဝသန္တဥတုမည်၏။ လောကသည် စဉ်းငယ်ပူ၏။ ကောင်းကင်ကြည်လင်၏။ အရွက်နုတို့ဖြင့် သစ်ပင်တို့သည် တင့်တယ်ကုန်၏။ ပေါက်၊ ချယား၊ သော်က၊ သရဖီ အစရှိသော ပန်းတို့သည် ပွင့်ကုန်၏။ ဥဩငှက် ပျားပိတုန်းတို့ဖြင့် ပြွမ်းကုန်၏။ တောင်လေလာ၏။ ဟူ၍ ဥတုဘောဇနကျမ်းတွင် ဖော်ပြသကဲ့သို့ ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့တွင် “ပေါ်လှု ပေါ်လှု၊ ညွန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်း အမြီးဟု၊ ခရီးလမ်းလျဉ်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ကား ပွင့်၊ ကင်းနှင့်မညံ၊ မီးလျှံ သဖွယ်၊ ဝင်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲရဲ၊ အခဲခဲတိ၊ တောထဲ စုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက်၊ ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြဧဧ၊ လေညင်းသွေးသော်၊ မွှေးမွှေးရနံ့၊ သင်းနံ့ထုံသို့၊ ပြောစုံစခန်းချုံး၊ ပွင့်ရောင် ဖုံးသည်၊ တောလုံးညွန့်သစ်-လှန်ပြီတည်း။ ဟူ၍ တပေါင်းလ၏ သဘာဝအလှတရားတို့ကို စာပန်းချီရေးခြယ်ပြခဲ့သည်။

ရှေးအခါက မြန်မာတို့၏ ၁၂ လရာသီ ပွဲတော်တို့တွင် တပေါင်းလ၌ သဲပုံစေတီပွဲကို ကျင်းပခဲ့ကြပြီး ကာလရွေ့လျားလာသည့်အခါ တပေါင်းလ၌ ဘုရားပွဲများကို ကျင်းပလာကြသည်။ ထို့အပြင် တပေါင်းလပြည့်နေ့တွင် ကာဠုဒါယီမထေရ်က ဗုဒ္ဓမြတ်စွာဘုရားအား ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူပါရန် ဂါထာပေါင်း ၆၄ ဂါထာသီကုံး၍ လျှောက်ထားသည်ကိုအကြောင်းပြု၍ ဗုဒ္ဓဘာသာဝင်တို့က မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပကြသည်။ ဗုဒ္ဓဘုရားရှင်သည် ရဟန္တာပေါင်းနှစ်သောင်း ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်ကျော် ၁ ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀ ကွာဝေးသော ကပိလဝတ်သို့ တစ်နေ့လျှင် တစ်ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀ ကြာ အတုရိတဒေသစာရီ ကြွချီတော်မူခဲ့သည်။ ဗုဒ္ဓ ဘုရားရှင် ကပိလဝတ်ပြည်တော်ဝင်သည်ကို အကြောင်းပြု၍ မာနထောင်လွှားနေကြသော သာကီဝင်ဆွေမျိုးအပေါင်းတို့အား ဆုံးမတရားပြကာ မာနတို့ကို ခဝါချစေခဲ့သည်။ ဖခင် သုဒ္ဓေါဓနမင်းကြီး သောတာပန်၊ သကဒါဂါမ်တည်စေခဲ့ပြီး မိထွေးတော်ဂေါတမီကိုလည်း သောတာပန်တည်စေကာ နိဂြောဓာရုံကျောင်းတော်ကြီးလည်း ပေါ်ထွန်းလာခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

ရာသီချိန်ခါအရ သဘာဝအလှတရားတို့နှင့် ပြည့်စုံသကဲ့သို့ ဗုဒ္ဓသာသနာသမိုင်းတွင်လည်း အထင်ကရဖြစ်သည့် တပေါင်းလပြည့်နေ့သည် မျက်မှောက်ခေတ်တွင်လည်း ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သာသနာ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်တော်မူကြသည့် ပြည်တွင်းပြည်ပ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားကြီးကို ရှေးမြန်မာမင်းများ လက်ထက်ကဲ့သို့ပင် နိုင်ငံတော်အဆင့်ကျင်းပသည့် နေ့ထူး နေ့မြတ်ဖြစ်သည်။ နှစ်စဉ်သာသနာတော်ကို အမြင့်မားဆုံး၊ အခမ်းနားဆုံး ချီးမြှောက်သည့် အခမ်းအနားကြီးဖြစ်သည်နှင့်အညီ မိမိတို့နိုင်ငံတွင် ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထွန်းလင်း တောက်ပပြီး အကုသိုလ်ဒုစရိုက်တို့လွင့်ပါးကာ နိုင်ငံတစ်ဝန်းအေးချမ်းသာယာသည့် ကောင်းမြတ်သောအကျိုးတရားတို့ ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment