Sunday, March 5, 2023

မြတ်စွာဘုရားရှင် ပြည်တော်ဝင် ဗုဒ္ဓသာသနာတော် ပွင့်လန်းတင့်ထွန်း

တပေါင်းလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်အခါတော်နေ့ဖြစ်သည်။ ကာဠုဒါယီမထေရ်က မြတ်ဗုဒ္ဓအား ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူပါရန် လျှောက်ထားသည့်နေ့သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပေါင်းလပြည့်နေ့ဖြစ်သည်။ ကပိလဝတ်ရွှေပြည်တော်ဝင်ရန် ကာဠုဒါယီမထေရ် လျှောက်ထားချက်ကို မြတ်စွာဘုရားရှင် လက်ခံတော်မူပြီး တပေါင်းလပြည့်ကျော် တစ်ရက်နေ့တွင် ရဟန္တာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မြို့မှ စတင်ထွက်ခွာခဲ့သည်။

ကပိလဝတ်ပြည်နှင့် ရာဇဂြိုဟ်ပြည်သည် ယူဇနာ ၆၀ ကွာဝေးသည်။ မြတ်စွာဘုရားရှင်နှင့် ရဟန္တာအရှင်မြတ်များသည် တစ်နေ့လျှင် တစ်ယူဇနာ (တစ်ယူဇနာ-၁၃မိုင်) ခရီး ကြွချီတော်မူခဲ့ရာ ရက်ပေါင်း ၆၀ ပြည့်သည့် မဟာသက္ကရာဇ် ၁၀၄ခုနှစ် ကဆုန်လပြည့်ကျော် တစ်ရက်နေ့တွင် ကပိလဝတ်ရွှေမြို့တော်သို့ ဆိုက်ရောက်တော်မူသည်။ ကပိလဝတ်ရွှေမြို့တော်သို့ မြတ်ဗုဒ္ဓနှင့် ရဟန္တာနှစ်သောင်း ကြွရောက်တော်မူ၍ သီတင်းသုံးတော်မူသဖြင့် သာသနာဝင်သမိုင်းတွင် ကပိလဝတ်ပြည်သည် တတိယမြောက် သာသနာထွန်းကားရာဒေသဖြစ်လာသည်။ ဗာရာဏသီပြည်သည် ပထမသာသနာထွန်းကားခဲ့ပြီး ရာဇဂြိုဟ်ပြည်သည် ဒုတိယမြောက် သာသနာ ထွန်းကားစည်ပင်ရာဒေသဖြစ်လာသည်။

မြတ်ဗုဒ္ဓအား ဖခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ ဆွေတော်မျိုးတော် အပေါင်းတို့က ဖူးမြော်လိုသည့်ဆန္ဒ ပြည့်ဝခဲ့သည်။ ဆွေတော်မျိုးတော်အစုံအလင် ဖူးမြော်ကြသောအခါ မြတ်စွာဘုရားက သာကီဝင်မင်းမျိုးတို့၏ ဇာတိမာန်ကို နုတ်ပယ်နိုင်ရန် ပေါက္ခရဝဿမိုးကို ရွာသွန်း၍ တန်ခိုးပြသည်။ အမျိုးအနွယ်ထက် သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို တန်ဖိုးထားရန်၊ အကျင့်မြတ်နှင့်ပြည့်စုံသော ရဟန်းသံဃာတို့ကို ရိုသေလေးစားရန် ဆုံးမတော်မူခဲ့သည်။ ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့သည်။ မဟာဓမ္မပါလဇာတ်ကို ဟောကြားသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး အနာဂါမ်တည်သည်။ မိထွေးတော်ဂေါတမီ သောတာပန်တည်သည်။ သားတော်ရာဟုလာကို ဓမ္မအမွေခံယူနိုင်ရန် ရှင်သာမဏေပြုစေသည်။ သာကီဝင်မင်းသား တစ်ထောင်ရဟန်းဖြစ်လာသည်။

မြတ်စွာဘုရားရှင်သည် ဆွေတော်မျိုးတော်တို့အား သာသနာ့အမွေပေးဝေနိုင်ရန် တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှ စတင်ကြွချီတော်မူသည့် သာသနာဝင်ခရီးကို ဗုဒ္ဓဘာသာဝင်များ ကြည်ညိုဦးခိုက်ပူဇော်ကြရမည့် အခါသမယအဖြစ် ဤတပေါင်း လပြည့်နေ့မှ အစပြုသင့်သည်ဟုဆိုချင်သည်။ ပြည်တော်ဝင်အခါတော်ဟူသည် ဆွေတော်မျိုးတော်အပေါင်းတို့အား မြတ်နိဗ္ဗာန်ခရီးသို့ တက်လှမ်းနိုင်ရန်အတွက် ဆောင်ကြဉ်းပေးသည့် အခါသမယဖြစ်သည်။ တပေါင်းလပြည့်နေ့၏ အခြား မင်္ဂလာတစ်ပါးမှာ သဲပုံစေတီပွဲတော်ဖြစ်သည်။ မြတ်စွာဘုရားရှင်အားရည်မှန်း၍ တပေါင်းလပြည့်နေ့ရောက်တိုင်း မြစ်ကမ်းနံဘေးနားတွင် သဲပုံစေတီတည်၍ အာရုံပြုပူဇော်ပြီး ကောင်းမှုကုသိုလ်ပြုသည့်ဓလေ့ဖြစ်သည်။

မြန်မာတို့၏ ဆယ့်နှစ်လရာသီ ဘာသာရေးပွဲတော်များ၌ တိမ်မြုပ်သွားသော ပွဲတော်များမှာ စာပလွေပွဲတော်၊ ပဉ္စင်းတော်ခံပွဲ၊ မြစ်ယံပွဲ၊ နတ်ကျင်းပွဲ၊ မြင်းခင်းပွဲ၊ မီးပုံ(ဖုန်း)ပွဲနှင့် သဲပုံစေတီပွဲတို့ဖြစ်သည်။ ကောင်းမြတ်သော အစဉ်အလာများ ထုံမွမ်းနေသော ဆယ့်နှစ်လရာသီ ဘာသာရေးပွဲတော်များမှာ မပျောက်ကွယ်သင့်ပေ။ မြန်မာအဘိဓာန်တွင် စေတီဟူသည် ပူဇော်အပ်သည့်အရာ၊ ဓာတ်တော်မွေတော်တို့ကို ဌာပနာထားသော အဆောက်အအုံဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သဲပုံစေတီကို ခွေအဆင့်ဆင့်ခံ၍ သဲဖြင့်တည်ထားသောစေတီဟု အနက်ဖွင့်သည်။ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီနှင့် ဥဒ္ဒိဿစေတီဟူ၍ စေတီလေးမျိုးရှိရာတွင် သဲပုံစေတီသည် မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်ရှိခိုးရန် တည်ထားကိုးကွယ်သည့် ဥဒ္ဒိဿစေတီဖြစ်သည်။ ထို့ကြောင့် သဲပုံစေတီသည် ပူဇော်ထိုက်သော အမှတ်အသားဖြစ်သည်။

ယခုကဲ့သို့ တပေါင်းလပြည့်နေ့တွင် မြစ်ချောင်းအနီးရှိ သဲသောင်ပြင်ကမ်းပါး အရပ်ဒေသများ၌ သဲပုံစေတီများ တည်ထား၍ အများပြည်သူတို့ ဖူးမြော်ကြည်ညိုနိုင်ကြသကဲ့သို့ မြစ်ချောင်းကမ်းပါးမဟုတ်သော်လည်း သင့်မြတ်ရာနေရာများတွင် အများပြည်သူတို့ပေါင်းစု၍ သန့်စင်သောသဲများဖြင့် သဲပုံစေတီများ တည်ထားကြကာ ကောင်းမှုကုသိုလ်များ ပြုလုပ်နိုင်သည်။ ထို့ကြောင့် ရှေးကာလအခါများက တပေါင်းလပြည့်နေ့မှစ၍ ကဆုန်လပြည့်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ကောင်းမှုကုသိုလ်များ အထူးပြုလုပ်ကြသည်။ မြတ်စွာဘုရားရှင်အားရည်မှန်း၍ အလှူမင်္ဂလာပွဲများ၊ ကုသိုလ်ဒါန၊ သီလဆောက်တည်ခြင်းများ စသည့်ကောင်းမှုအစုစုတို့ကို ပြုလုပ်ကြသည်။ ဘုရားကျောင်းကန်တို့နှင့် ဝေးလံသောဒေသများရှိ ဗုဒ္ဓဘာသာဝင်ပြည်သူများအနေဖြင့် သဲပုံစေတီ တည်ထားကိုးကွယ်ပူဇော်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ အထူးရရှိကြမည်ဖြစ်သည်။

သို့ဖြစ်ရာ တပေါင်းလပြည့်အခါသမယနေ့သည် မြတ်စွာဘုရားရှင် ပြည်တော်ဝင်သည်ကိုအစပြု၍ ဆွေတော် မျိုးတော်များ ကောင်းကျိုးချမ်းသာရရှိစေကြောင်းနှင့် သဲပုံစေတီပွဲများပြုလုပ်၍ ကောင်းမှုကုသိုလ်များယူကြသည့် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း။ ။

No comments:

Post a Comment