Friday, March 31, 2023

အဂတိကင်းရှင်းစွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်

 



တရားမဝင်ကုန်သွယ်မှုများက နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု ကြီးမားလှသည့်အတွက် ထိထိရောက်ရောက် တားဆီး တိုက်ဖျက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး” သည် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတားပြုနေသည့် တရားမဝင်ကုန်သွယ်မှုများကို မဖြစ်မနေတားဆီးနှိမ်နင်း သွားကြရန်ပင်ဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း ဖမ်းဆီး ရမိမှု စုစုပေါင်း အမှုတွဲ ၄၂၃၂ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၆၅ ဒသမ ၀၅၆ ဘီလီယံအထိ ဖမ်းဆီးနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ် ကာလတူကထက် အဆများစွာ ပိုမိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေး၊ တားဆီးရာတွင် ဝန်ထမ်းများဖြင့် ဆောင်ရွက်ကြရခြင်းဖြစ်ရာ ဝန်ထမ်းများ၏ အဂတိကင်းရှင်းမှုမှာ လွန်စွာအရေးကြီးသည်။ တရားမဝင် ကုန်သွယ်မှုတွင် ဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရေး အတွက် သတိပေးနှိုးဆော်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာတွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) တွင်လည်း “ယခင်က တရားမဝင်ကုန်စည်များကိုသာ အဓိကအရေးယူဆောင်ရွက်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါ တရားမဝင်ကုန်စည်များ ဝင်ရောက်လာသည့် လမ်းကြောင်း၊ ဖြတ်သန်းလာသည့် စစ်ဆေးရေးဂိတ်များနှင့် ဖြတ်သန်းသယ်ဆောင်ပုံနည်းလမ်းများကိုပါ နောက်ကြောင်းပြန်စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် တစ်နည်းနည်းဖြင့် ဖော်ထုတ်အရေးယူခံရမည်ကို အသိပေးလိုကြောင်း” ဦးဆောင်ကော်မတီ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

တရားမဝင် တင်သွင်း/တင်ပို့မှုများတွင် တားဆီး/ဖမ်းဆီး ပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသူများအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူများ အားလည်းကောင်းဆုငွေများ ချီးမြှင့်လျက်ရှိသည်။ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တရားမဝင်ကုန်ပစ္စည်းများ တားဆီး/ဖမ်းဆီးမှုများအနက် ဆုငွေချီးမြှင့်ရန် အတည်ပြုပြီးသည့် အမှုတွဲ ၇၉၂ မှုမှ အမှုတွဲ ၆၄၆ မှုအတွက် ဖမ်းဆီးသူနှင့် စုံစမ်း ထောက်လှမ်းသည့် အဖွဲ့အစည်းများအား ဆုငွေ ကျပ် ၁၂၀၀ ဒသမ ၈၇၃ သန်း၊ သတင်းပေးဆုငွေကျပ် ၆၆ ဒသမ ၀၂၇ သန်းတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သတင်းပေးသူများအား ဆုငွေထုတ်ပေးချီးမြှင့်ခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ဝန်ထမ်းများ၏ အဂတိကင်းရှင်းရေးသည် အရေးကြီးသည့်အားလျော်စွာ တားဆီး/ဖမ်းဆီးရမိမှု တန်ဖိုးပမာဏအလိုက် ဆုငွေများစွာ ချီးမြှင့်ပေးလျက်ရှိသည်။ ဝန်ထမ်းများအနေဖြင့် မိမိတို့ထမ်းဆောင်ရမည့် တာဝန်ကို အဂတိကင်းရှင်းစွာဖြင့် ကျေကျေပွန်ပွန်ထမ်းဆောင်ခြင်းဖြင့် ဆုငွေများကိုပါ ဂုဏ်သိက္ခာရှိရှိ ရနေနိုင်ကြခြင်းပင်ဖြစ်ရာ နိုင်ငံတော်အတွက် အခွန်ဝင်ငွေ တိုးတက်ရရှိရေး၊ ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်လာရေး၊ တရားဝင်ကုန်သွယ်မှုများ တိုးတက်ထွန်းကားလာရေးတို့အတွက် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရာတွင် စွမ်းစွမ်းတမံထမ်းဆောင်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment