Friday, March 31, 2023

စီးပွားရေးမောင်းနှင်အားမြှင့်တင် ကုန်ထုတ်လုပ်မှုမြင့်မားရေးကြိုးပမ်း


နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားသွန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ စတင်ဝင်ရောက်လာချိန်မှစ၍ နိုင်ငံ၏စီးပွားရေး တဖြည်းဖြည်းကျဆင်းခဲ့ရာ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (Gross Domestic Product-GDP)မှာ အနုတ်လက္ခဏာပြသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ ပြည်တွင်းကုန် ထုတ်လုပ်မှုကဏ္ဍကို အားမပေးဘဲ ကုန်သွယ်ရောင်းဝယ်မှု ကဏ္ဍကိုသာ ပိုမိုလုပ်ကိုင်ခဲ့ကြခြင်းကြောင့် ကုန်သွယ်ရေး လိုငွေပြမှုအများအပြားဖြစ်ပေါ်ခဲ့သလို ဂျီဒီပီအနေဖြင့်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ရသည်။

နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၁၂)ရပ်တို့ ချမှတ်၍ အကောင်အထည်ဖော်ရာတွင် စီးပွားရေးကဏ္ဍ၌ “စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံ၏ အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ဖြစ်ရာ ယင်းလုပ်ငန်းများကို ခေတ်မီနည်းစနစ်များ အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်စေပြီး ကုန်ထုတ်လုပ်မှုမြင့်မားအောင် မြှင့်တင်သွားရမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် အခြား စီးပွားရေးနယ်ပယ်များကိုပါ ဆက်စပ်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းသွားရန် ဦးတည်ချမှတ်ထားခြင်းဖြစ်သည့်အလျောက် အခြေခံကျသည့် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုများ တိုးတက်လာရန် သက်ဆိုင်သူအားလုံးတို့က ကဏ္ဍအသီးသီးမှ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက်ရပြီး ၎င်းမောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်မှသာ နိုင်ငံရေးနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အမျိုးသားရေးမျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ရာ စီးပွားရေးမောင်းနှင်အားကို မြှင့်တင်ခြင်းသည် ကျန်မောင်းနှင်အားနှစ်ရပ်ကိုသာမက အမျိုးသားရေးမျှော်မှန်းချက်တို့ကိုပါ ပြည့်မြောက်စေမည် ဖြစ်သည်ကို သတိပြုကြရန်ပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် လယ်ယာလုပ်ကိုင်သူတစ်ဦး၏ တစ်နှစ်ဝင်ငွေသည် ပတ်ဝန်းကျင်နိုင်ငံများရှိ လယ်ယာလုပ်ကိုင်သူတစ်ဦး၏ တစ်နှစ်ဝင်ငွေနှင့်နှိုင်းယှဉ်ပါက များစွာနိမ့်ကျနေရခြင်းမှာ တစ်ဦးချင်း၏ ထုတ်လုပ်နိုင်စွမ်းနှင့် ယှဉ်ပါကလည်း များစွာနိမ့်ကျနေခြင်းက အချက်တစ်ချက်အဖြစ် ပါဝင်သည်။

မြန်မာနိုင်ငံ၏ အဓိကစိုက်ပျိုးသီးနှံသည် စပါးဖြစ်ပြီးလွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်ကာလ ဒုတိယကမ္ဘာစစ် မဖြစ်မီက နှစ်စဉ် ဆန်တန်ချိန် သုံးသန်းကျော် ကမ္ဘာ့ဈေးကွက် သို့ တင်ပို့ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ရာ မိမိတို့၏ မြေ၊ ရေ သယံဇာတတို့ကို အကျိုးရှိရှိအသုံးချကာ ပန်းတိုင်အထွက်နှုန်းများ ပြည့်မီအောင် ဆောင်ရွက်ကြခြင်းဖြင့် ကမ္ဘာ့ဆန်တင်ပို့သည့် အဓိကနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိလာနိုင် မည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ခြင်းဖြင့် ကမ္ဘာ့ဈေးကွက်တွင် စားသောက်ကုန်ထုတ်လုပ်ပေးသည့် အဓိကနိုင်ငံအဖြစ် ပါဝင်လာစေရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြရေး နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။


No comments:

Post a Comment