Friday, March 3, 2023

စီးပွားရေးအခြေခံကောင်းများ ဖန်တီးနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

 



နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်()ရပ်အနက်စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေးနှင့်သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ နွေစပါးသီးနှံဧက ငါးသိန်းခွဲနှင့် ပဲတီစိမ်းသီးနှံဧက ငါးသိန်းစိုက်ပျိုးခြင်းတွင် ကျပ်ဘီလီယံ ၂၃၀ အား ကျခံသုံးစွဲလျက်ရှိသည်။ စပါးအထွက်နှုန်းတိုးရေးအတွက် မိုးစပါးဧက ၁၀၀ စံပြ ကွက်များ စိုက်ပျိုးခြင်းစီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၁၅ မြို့နယ်တွင် ဧက ၁၅၀၀ လျာထားဆောင်ရွက်ခဲ့ရာ ဧက ၁၆၀၀ စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ ၁၁၅ တင်းကျော် ထွက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးကြရာ၌ တစ်ဧက တင်းတစ်ရာထွက်ရေး မျှော်မှန်း ဆောင်ရွက်သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ထွက်ရှိခြင်းမရှိပေ။ ယခုစံပြစီမံကိန်းဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်သဖြင့် အဆိုပါနည်းစနစ်အတိုင်း နိုင်ငံတစ်ဝန်း စိုက်ပျိုးကြမည်ဆိုလျှင် စပါးအထွက်တိုးပြီး ပြည်ပပို့ကုန်ပါ တိုးတက် တင်ပို့နိုင်မည်ဖြစ်သည်။

ပြည်တွင်းဆီစားသုံးမှုဖူလုံရေးအတွက် နိုင်ငံတစ်ဝန်း နေရာမရွေးစိုက်ပျိုးနိုင်သည့် နေကြာသီးနှံ စိုက်ဧကတစ်သန်းခွဲအထိ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို အကောင်အထည်ဖော်လျက်ရှိသည်။ နေကြာစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ် ကုန်ကျမှုကို အထောက်အပံ့ဖြစ်စေရေးအတွက် နိုင်ငံတော်၏ခွင့်ပြု ငွေကျပ် တစ်ရာ ဘီလီယံကျော်ဖြင့် နေကြာစိုက်ပျိုးရာသီများတွင် နေကြာမျိုးစေ့နှင့် သွင်းအားစုများ အချိန်မီပံ့ပိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ပြည်သူအချို့အနေဖြင့် ဆီကိုလိုသည်ထက် ပိုမိုစားသုံးကြသဖြင့် ကျန်းမာရေးအရ ထိခိုက်မှုများရှိသလို ပြည်ပမှပိုမိုတင်သွင်းရသဖြင့် နိုင်ငံခြားငွေကုန်ကျမှုများ များပြားနေသည်။ ဆီကို လိုသလောက်သုံးစွဲပြီး ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် နိုင်ငံခြားသုံးစွဲငွေ လျှော့ချနိုင်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုမည်ဖြစ်သည်။

အလားတူ ချည်တင်သွင်းမှု လျှော့ချနိုင်ရေးအတွက် ချည်မျှင်ရှည်ဝါသီးနှံတစ်ဧက အထွက်နှုန်းတိုးရေး၊ လေးနှစ်ကာလအတွင်း ဧကခုနစ်သိန်းပြည့်မီအောင် စိုက်ပျိုး သွားမည်ဖြစ်သည်။ ဝါတစ်ဧက အထွက်နှုန်း ပိဿာ ၇၀၀ နှင့်အထက် လျာထားချက် ပြည့်မီစေရန်နှင့် အရည်အသွေးကောင်းဝါများနှင့် ဝါဂွမ်းများရရှိရေးကာလသတ်မှတ်၍ ချည်မျှင်ရှည်ဝါတိုးတက်ထုတ်လုပ်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။ အသားကဏ္ဍတွင် မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာများထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့်တိရစ္ဆာန်ဖြန့်ဖြူးခြင်း၊ မေထုန်မဲ့ သားစပ်လုပ်ငန်းဆောင်ရွက် ပေးခြင်း၊ မျိုးထိန်း၊ မျိုးပွားသုတေသနခြံများတည်ထောင်ပြီး မျိုးဖြန့်ဖြူးခြင်း၊ မွေးမြူရေးနည်းပညာပံ့ပိုးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါစူးစမ်းလေ့လာခြင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများသို့ တိရစ္ဆာန်အစာနှင့် ဆေးများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ပြည်ပသို့ တိရစ္ဆာန်ထွက်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ ဒီဇင်ဘာလအထိ) စုစုပေါင်းတန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၄၃ သန်းနီးပါး ဝင်ငွေရရှိခဲ့သည်။ ၎င်းတို့အနက် ရေထွက်ကုန်ပစ္စည်းမျိုး ၃၀၀ ခန့်၊ မက်ထရစ် တန်ချိန် လေးသိန်းတန်ခန့်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၃၁ သန်းကျော် ဝင်ငွေရရှိခဲ့သည်။ အလားတူ ငါးပုစွန်ရေထွက်ကုန်ပစ္စည်းမျိုး ၃၀ ခန့်၊ မက်ထရစ်တန်ချိန် ငါးသောင်းတန်ခန့်ကို ပြည်ပသို့တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ရရှိခဲ့သည်။ ရေထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ကဏ္ဍစုံမှထုတ်လုပ်တင်ပို့နိုင်ခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုလျက်ရှိရာ ဆက်လက်တိုးတက်ထုတ်လုပ်တင်ပို့နိုင်ရေး တက်ညီ လက်ညီကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ၏စီးပွားရေးအခြေခံကောင်းများကို ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်၍ လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏စီးပွားရေးအခြေအနေ မြင့်မားတိုးတက်လာအောင် အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment